တနင်္သာရီ၊ အောက်တိုဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်တွေက‌နေ အမေရိကန်နိုင်ငံသားအားလုံး ထွက်ခွာကြဖို့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ အမေရိကန်သံရုံးက သတိပေးထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီး စစ်ကောင်စီအဖွဲ့က နိုင်ငံခြားသား‌တွေကို လုံခြုံရေး စိုးရိမ်မှုနဲ့လုံခြုံရေး အာမခံချက်မ‌ရှိကြောင်း ထုတ်ပြန်ထားတယ်လို့ ‌အမေရိကန်သံရုံးက ဆိုပါတယ်။

ဒါကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံကို ခရီးသွား အကြံပေးအဆင့် ၄ သတ်မှတ်ပြီး အမေရိကန်နိုင်ငံသား‌တွေ မြန်မာပြည်ကို မသွားဖို့နဲ့ အန္တရာယ်ကင်းစွာ ထွက်ခွာကြဖို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ မြို့နယ် ၃ ခုကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ အရေးပေါ်အခြေနေ ကြုံလာပါက အမေရိကန်သံရုံးအနေနဲ့ အကူအညီပေးနိုင်ဖို့ အကန့်သတ်ရှိတယ်လို့လည်း ထုတ်ပြန်ထားတာပါ။

“လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတည်းက နိုင်ငံခြားသားတွေအားလုံး ထွက်ခွာသွားဖို့ စကစ ဘက်က လိုက်ပြောနေတာတွေရှိတယ်လို့ သိရတယ်။ ဘာကြောင့် ထွက်ခွာဖို့လုပ်ခိုင်းတာလဲဆိုတော့ သေချာမသိရဘူး။ ကြီးမားတဲ့ စစ်ဆင်ရေးတွေ လုပ်လာနိုင်တဲ့အတွက်လားဆိုပြီး ဒေသခံတွေလည်း စိုးရိမ်နေကြတယ်။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။

တနသာင်္ရီတိုင်းဒေသကြီးဟာ ကမ်းခြေများရှိခြင်း၊ ရေထွက်လုပ်ငန်းများရှိတာတွေကြောင့် လုပ်ငန်းကိစ္စ၊ အပန်းဖြေခရီးစဉ်များနဲ့လာရောက်သူ နိုင်ငံခြားသားအရေအတွက်နှစ်စဉ် ၃ သိန်း နီးပါးရှိတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.