မော်လမြိုင်၊အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ရွာသစ်ရွာမှာ KNLA ဖြစ်ပွါးတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် လေးဦးသေဆုံးသွားခဲ့တယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့ခံကနေ သိရပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့က ကော့ကရိတ်မြို့အနီးမှာရှိတဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေ ရွာသစ်ရွာထဲကို စစ်ကောင်စီတပ်က ဝင်ရောက်လာခဲ့လို့ နယ်မြေခံ ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော် KNLA တပ်နဲ့ တစ်နာရီနီးပါးကြာ တိုက်ပွဲတွေဖြစ်ပွါးခဲ့တာပါ။
ကေအဲန်ယူထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီတပ် ခမရ ၅၅၆ တပ်က နယ်မြေကျူးကျော် ဝင်ရောက်လာခဲ့လို့ KNLA တပ်ရင်း ၁၈ နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့ထံကနေ သိရပါတယ်။
“သေတာ လေးယောက်ရှိတယ်။ အဲ့ဒီထဲမှာ ဗိုလ်တစ်ဦးပါတယ်။ ဒဏ်ရာရသုံးယောက်ထဲမှာ တပ်စိတ်မှူးပါတယ်။ မနေ့က ည ၇ နာရီ လောက်မှာ အာရှလမ်းမအနား ပြန်ဆုတ်သွားတယ်။ သူတို့ ထပ်လာဖို့ ရှိသေးတယ်။ အပြီးပြန်သွားတာ မဟုတ်သေးဘူး” လို့ နယ်မြေခံ KNLA အရာရှိတစ်ဦးကပြောပါတယ်။
မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရွာသစ်ရွာက ဒေသခံတစ်ဦးရဲ့နေအိမ်ကို လက်နက်ကြီးထိမှန် ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်ရွံ့ကာ တိမ်းရှောက်နေရတာတွေလည်း ရှိနေတာပါ။
စစ်ကောင်စီဟာ ငါးလတာအပစ်ရပ်မယ်လို့ ထုတ်ပြန်ကြေငြာထားပေမယ့် တကယ့်လက်တွေ့မြေပြင်မှာတော့ ကေအဲန်ယူထိန်းချုပ်နယ်မြေဒေသထဲကို ကျူးကျော်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့လို့ KNLA တပ်နဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်