မော်လမြိုင်၊ အောက်တိုဘာ ၁၂

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ တော်လှန်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတဲ့ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေ‌တွေကို အနီးကပ် သတိထားစောင့်ကြည့်နေပြီး ထိုက်သင်တဲ့ လုပ်ဆောင်မှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက စတင် ပြုလုပ်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေး(၂၀/၂၀၂၁) အဖွင့်မိန့်ခွန်းမှာ နိုင်အောင်မင်းက ထည့်သွင်းပြောဆိုခဲ့တာပါ။

ဒါ့အပြင် အာဆီယံ ထိပ်သီးအစည်းအဝေး သဘောတူညီချက်(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံ ခရီးစဉ်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်‌များ၊ တာဝန်ရှိသူများနဲ့ညှိနှိုင်းဆွေးနွေးပြီး ရလဒ်ကောင်းတဲ့ ခရီးစဉ်ဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် PPST အနေနဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။



NCA စာချုပ်အနှစ်သာရများကို အခြေခံပြီး လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို PPST ရဲ့ နိုင်ငံရေး ရည်မှန်းချက် (၇)ရပ်နဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမယ်လို့ နိုင်အောင်မင်းက ပြောပါတယ်။

ဒီကနေ့က စတင်ကျင်းပနေတဲ့ PPST အစည်းအဝေးကနေ တပ်မတော်က ထုတ်ပြန်ထားတဲ့ (၅)လတာ အပစ်ရပ်စဲခြင်းနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်(၃)ရပ်၊ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ ရည်မှန်းထားတဲ့ NCA-S EAO တို့ရဲ့ စတုတ္ထအကြိမ်မြောက် ညီလာခံ(ဒုတိယပိုင်း)ကိစ္စကိုလည်း ညီလာခံကြိုတင်ပြင်ဆင်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းသွားဖို့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

PPST ဟာ အပစ်ရပ်လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသား လက်နက်အဖွဲ့ ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ တစ်ခု ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.