(အချက်အလက်ဖော်ပြချက်)

ဖာပွန်စစ်ဘေးဒုက္ခသည်အခြေအနေ

လက်ရှိမှာတော့ ဖာပွန်စစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည် သောင်းချီခန့်ရှိနေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က စစ်အုပ်စုက လေယာဉ်ဗုံးကြဲတာကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်ပါတယ်။ တချို့က နယ်စပ်မှာရှိပြီး တချို့က တောထဲ ရွာတွေထဲမှာ ဆက်လက်ပုန်းခိုနေရဆဲပါပဲ။ နယ်စပ်ရောက်နေတဲ့လူတွေ ရွာပြန်လာတာ အနည်းအကျဉ်းလောက်ပဲရှိပေမယ့် အများစုကတော့ ပြန်မလာနိုင်သေးပါဘူး။

++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာပြည်တောင်ပိုင်းဒေသတလျှောက်ဖြစ်တဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ခပ်စိတ်စိတ်ဖြစ်ပွားလာသော လက်နက်ကိုင်တိုက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ဒေသခံတို့ နေရပ်စွန့်ခွာကာ စစ်ဘေးဒုက္ခသည်များအဖြစ် ပြေးလွှားနေကြရသည်။

အဓိကအားဖြင့် စစ်ဘေးဒုက္ခသည်များသည် မိမိတို့၏ နေရပ်ကို စွန့်ခွာကာ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသည့်၊ သဘာဝဘေးဒဏ်ခံရသည့် နေရာများသို့ ရွေ့ပြောင်းနေထိုင်ကြရသည်။

စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပိုမိုတိုးပွားလာသော ပဋိပက္ခတွေအကြား လက်ရှိတွင် မြန်မာပြည်တောင်ပိုင်းဒေသ၌ စစ်ဘေးဒုက္ခသည်များ တစ်သိန်းကျော်ရှိလာပြီဖြစ်သည်။

ပဲခူးတိုင်းရှိ ရွှေကျင်၊ ကျောက်ကြီးနှင့် ညောင်လေးပင်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ယခုနှစ်ဆန်းပိုင်းကတည်းက စစ်ဘေးဒုက္ခသည် ၃၀၀၀၀ ကျော်ဟာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

မွန်ပြည်နယ်ရှိ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ထဲမှာတော့ စစ်ဘေးရှောင် ၁၈၀၀ ကျော်ဟာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ့နဲ့ ဖာပွန်မြို့နယ်ထဲမှာတော့ စစ်ဘေးရှောင် ၇၀၀၀၀ ကျော်ဟာ တောတွင်းနေရာတွေမှာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။ ကရင်ပြည်နယ်ထဲက မြိုင်ကြီးငူစစ်ရှောင်စခန်းမှာတော့ ၂၀၁၆ ခုနှစ်ကတည်းက စစ်ဘေးရှောင် ၅၀၀၀ ကျော်ရှိနေခဲ့ပါတယ်။



တနင်္သာရီတိုင်းထဲက မြို့နယ်အချို့မှာလည်း စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော်ဟာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ တိုက်ပွဲဖြစ်ပွားတာနဲ့ ဘေးကင်းရာကိုရှောင်နေရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုအဆင်ပြေပြေမရှိတာ၊ သဘာဝဘေးတွေကြုံနေရတာအပြင် ပညာသင်ကြားခွင့်တွေလည်း ဆုံးရှုံးနေပါတယ်။

သံလွင်တိုင်းမ်သတင်းဌာန

စစ်ဘေးဒုက္ခသည်များ၏ အချက်အလက်ကိုတော့ ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်လူ့အခွင့်အရေးအဖွဲ့တွေကနေတဆင့် ရယူပြုစုတာဖြစ်ပြီး မြေပြင်စာရင်းကို အခြေပြုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.