မော်လမြိုင်၊ အောက်တိုဘာ ၅

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တို့အကြား စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၆၅ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၂၃၄ ဦးသေဆုံးခဲ့တယ်လို့ ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ကေအဲန်ယူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် စစ်ကောင်စီတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ် BGF တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ကေအဲန်ယူတပ်မဟာ (၁)နယ်မြေမှာ (၂၇)ကြိမ်၊ တပ်မဟာ ၂ နယ်မြေမှာ (၂)ကြိမ်၊ တပ်မဟာ ၃ နယ်မြေမှာ (၁၄)ကြိမ်၊ တပ်မဟာ ၄ မှာ (၅)ကြိမ်၊ တပ်မဟာ ၅ မှာ (၂၁၃) ကြိမ်နဲ့ တပ်မဟာ ၆ မှာ (၆)ကြိမ် ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီလက်အောက်တပ်ဖွဲ့ ၂၃၄ ဦးသေဆုံးကာ ၂၆၅ ဦးဒဏ်ရာရရှိခဲ့ပြီး KNU ဘက်မှ ၅ ဦးသေဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။



ဒီလိုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ တပ်မဟာ ၁ နယ်မြေမှာ အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် ပြည်သူလူထု၏ လုပ်ငန်းခွင်အတွင်းနှင့် ပြည်သူလူထုများသွားလာရာလမ်းများပေါ်သို့ လက်နက်ကြီး ၂၉ ကြိမ် ပစ်ခတ်ခဲ့ရာ ကား ၁ စီးနဲ့ ပြည်သူ (၈) ဦးဒဏ်ရာရရှိခဲ့သည့်အပြင် BGF တပ်စခန်းအပြောင်းအလဲလုပ်ဖို့ သွားရာတွင် ၎င်းတို့၏ စားနပ်ရိက္ခာများကို သယ်ဆောင်ပေးရန်အတွက် ကြိုးဝိုင်းရွာသား (၁၀၇) ဦးကို အတင်းအဓမ္မခေါ်ယူခိုင်းစေခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။

တပ်မဟာ ၃ နယ်မြေမှာ စစ်ကောင်စီတပ်က အပစ်မဲ့ပြည်သူတစ်ဦး ဖမ်းဆီးခဲ့ပြီး ကျေးရွာအုပ်စုတစ်အုပ်စုမှ လူငယ်(၃၀)ဦးပေးဆောင်ဖို့ ခြိမ်းခြောက်တောင်းဆိုခဲ့ပါတယ်။

အဲဒီအပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် ညောင်လေးပင်ခရိုင် ဒဲဒိုးကျေးရွာအုပ်စုဘက်တွင် လူဦးရေ(၅၀၀၀)ကျော်နှင့် လော်မူသော၊ လော်မူပယ်ကျေးရွာ(၂)ရွာမှ ဒေသခံပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအဲန်ယူက ဖော်ပြထားပါတယ်။

ညောင်လေးပင်ခရိုင်အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏တပ်များမှ လေယာဉ်ဖြင့် ၇ ကြိမ် လာရောက်ထောက်လှမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

တပ်မဟာ ၄ နယ်မြေမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူလူထု၏ ပိုက်ဆံ (၁၆) သိန်းကျပ်၊ လက်ကိုင်ဖုန်း (၃) လုံး နှင့် ဆန် (၃) အိတ်စသည်တို့ကို အတင်းအဓမ္မသိမ်းယူခဲ့သည်အပြင် လူသွားလမ်းမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိကာ ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်လို့ ဆိုပါတယ်။

တပ်မဟာ ၅ နယ်မြေမှာ စစ်ကောင်စီလက်အောက်ခံတပ်နဲ့ BGF တပ်ဖွဲ့တွေက ကျေးရွာနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီး ၁၆၁ ကြိမ် ပစ်ချခဲ့ပြီး လက်နက်ငယ် ၅၀၀၀ ကြိမ်ခန့် ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ KNU ကဆိုပါတယ်။

ပစ်ခတ်မှုကြောင့် ​နေအိမ် ၁၀ လုံးနဲ့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံမွေးမြူးထားတဲ့ တိရစ္ဆာန်များကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းယူစားသောက်ခဲ့ကြတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.