မော်လမြိုင်၊ အောက်တိုဘာ ၆

ကေအဲန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲက ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာတချို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ ရက်နေ့ နေ့လည်ပိုင်းမှာ အရပ်ဝတ်များဖြင့် နယ်မြေထောက်လှမ်းမှုများ ပြုလုပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့် စာရင်းကောက်ယူရန်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် CDM ဝန်ထမ်းများ ပုန်းခိုးတိမ်းရှောင်နေတာကို ရှာဖွေရန် ဆိုတဲ့အကြောင်းပြချက်နဲ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်စောပိုင်းကစပြီး ပုလောမြို့နယ်၊ သာယာကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ အင်းအား ၅၀ ခန့်က တပ်စွဲခဲ့ကာ ပြည်သူတချို့ကို ခေါ်ယူဖမ်းဆီးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး တပ်ဆုတ်ခဲ့ပါတယ်။

ယင်းနောက် စက်တင်ဘာလ ၅ ရက် နေ့လည်ပိုင်းမှာ KNU ထိန်းချုပ်နယ်မြေနှင့် အနီးအနားကျေးရွာတချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရပ်ဝတ်များဖြင့် သွားလာလှုပ်ရှားကာ နယ်မြေထောက်လှမ်းမှုများ ဆောင်ရွက်နေတယ်လို့ ပုလောဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။



” ထိန်းချုပ်နယ်မြေထဲက အသိတစ်ယောက်ပြောပြတာကတော့ မနက်ပိုင်းက သူတို့တပ်ဆုတ်ပြီး ဒီနေ့ နေ့လည်ပိုင်းလောက်က အဲဒီရွာပတ်ဝန်းကျင်ရွာတစ်ခုခုမှာ သူတို့တပ်စွဲထားတယ်ထင်တယ်၊ ရွာအနားမှာ သူတို့တွေ သွားလှုပ်ရှားနေတာ တွေ့ရတယ်၊ အရပ်ဝတ်တွေနဲ့ သွားလာနေတာ၊ တချို့က သေနတ်လွယ်ထားတယ်၊ တချို့က သေနတ်မပါဘူး။ မနေ့ကလည်း သာယာကုန်းရွာက ဒေသခံ ၃ ဦး ခေါ်ယူမေးမြန်းခံရတယ်။ သူတို့တွေ ဒီနယ်မြေအကြောင်း လေ့လာနေကြတာ ထင်တယ် ” လို့ ဆိုပါတယ်။

ဒါကြောင့် KNU ထိန်းချုပ်နယ်မြေနှင့် အနီးအနားကျေးရွာက ပြည်သူတွေ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းခံရမှာ စိုးရိမ်နေကြပြီး တချို့က ရွာကနေ မကြာခဏ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလထဲမှာ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲက ပြည်သူတွေပိုင်တဲ့ ငွေကြေး အသုံးအဆောင်နဲ့ စားသောက်ကုန်ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက အတင်းအဓမ္မသိမ်းယူမှုများ ပြုလုပ်ခဲ့တယ်လို့ ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Crd

ပုံစာ – KNU တပ်ဖွဲ့ဝင်များ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.