ရေး ၊ အောက်တိုဘာ ၅

စစ်တပ် အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ရေးမြို့နယ်ပြည်သူတွေဟာ လျှပ်စစ် မီတာခဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အကြီးအကျယ် ခံစားနေရပါတယ်။

ရေးမြို့နယ်ဟာ အစိုးရလျှပ်စစ်မီး မရရှိသေးတဲ့အတွက်ကြောင့် ပုဂ္ဂလိကလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီကနေ လျှပ်စစ်မီးကို ဈေးနှုန်းပိုပေးပြီး ဝယ်ယူ သုံးစွဲနေရတာ ဖြစ်ပါတယ်။

ရေးမြို့နယ်ကို မြတ်သူရကုမ္ပဏီက လျှပ်စစ်မီး ဖြန့်ဖြူရေးပေးနေတာ ဖြစ်ပြီး စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာလို့ တစ်ယူနစ် ကျပ် ၆၀၀ ကနေ ကျပ် ၈၀၀ ထိ တိုးမြှင့်ကောက်ခံတော့မှာ ဖြစ်ပါတယ်။

“အခုက စက်သုံးဆီဈေးနှုန်း မြင့်လာလို့ တိုးကောက်ရတာပါ၊ စက်သုံးဆီ ဈေးနှုန်းပြန်ကျရင် မီတာခတွေ ပြန်ချပေးမယ်”လို့ မြတ်သူရကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စက်သုံးဆီ ဒီဇယ်ဆီ တစ်ပီပါဟာ အရင်က ကျပ် ၂၂၀၀၀၀ သာ ရှိခဲ့ပြီး အခုအခါမှာတော့ တစ်ပီပါကို ကျပ် ၃၀၅၀၀၀ ထိ ဈေးနှုန်းမြင့် တက်နေတာ ဖြစ်ပါတယ်။



ရေးမြို့ပြည်သူတွေဟာ စစ်တပ် အာဏာသိမ်းမှုကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ရင်ဆိုင်နေရတဲ့အချိန်မှာပဲ လျှပ်စစ်မီတာခ ဈေးနှုန်း မြင့်တက်မှုကိုပါ ထပ်မံ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

“မီတာခကလည်း တက်မယ်ပြောတယ်၊ အခုအချိန်မှာက Gas ကလည်းဈေးတက်နေတယ်၊ ထင်းတို့မီးသွေးတို့ကလည်း အရင်လိုမပေါတော့ဘူး၊ အဲ့ဒီတော့ ချက်ရေးပြုတ်ရေးကအစ ဒုက္ခဖြစ်ပြီးပေါ့”လို့ ရေးဒေသခံ တစ်ဦးက ဆိုပါတယ်။

NLD အစိုးရ လက်ထက်က ရေးမြို့ပြည်သူတွေဟာ လျှပ်စစ်မီတာခအတွက် တစ်ယူနစ်ကို ကျပ် ၄၀၀ ဝန်းကျင်သာ ပေးခဲ့ရပြီး စစ်တပ် အာဏာသိမ်းပြီး ၈ လတာကာလအတွင်းမှာတော့ တစ်ယူနစ် ကျပ် ၈၀၀ ထိပေးဆောင်လာရတာ ဖြစ်ပါတယ်။

မြတ်သူရကုမ္ပဏီဟာ ရေးမြို့အပါအဝင် ကျေးရွာပေါင်း (၁၀) ရွာကျော်ကို ဒီဇယ်မီးစက်ကြီးတွေနဲ့ လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဝေပေး နေတာ ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.