မော်လမြိုင်၊ အောက်တိုဘာ ၄

ဘားအံမှာ မနေ့ညပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် အရပ်သားပြည်သူအချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုင်ဘာ ၃ ရက်နေ့ ည ၆ နာရီခွဲကျော်အချိန်က ဘားအံမြို့တပ်မ (၂၂)ဌာနချုပ်ရှေ့မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အုတ်တံတိုင်းနံရံအချို့ ပျက်စီးပြိုကျသွားခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က တပ်မရှေ့ ဗိုလ်ချုပ်လမ်းပေါ်မှာ ရှာဖွေစစ်ဆေးတာတွေလုပ်တဲ့အပြင် အဲ့ဒီညပိုင်းမှာပဲ ဘားအံမြို့ ရွှေဖားစည်အိမ်ယာ (၂) ဝင်းထဲကို သွားရောက်ရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ရွှေဖားစည်အိမ်ယာ (၂) ထဲ သွားရောက်ရှာဖွေဖမ်းဆီးတဲ့ဖြစ်စဉ်မှာ အမျိုးသား ၂ ဦးထက်မနည်းကို စစ်ကောင်စီက ထိုးကြိတ်ခေါ်ဆောင်ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးခံရသူတစ်ဦးရဲ့ ကားတစ်စီးကိုပါ ယူဆောင်သွားခဲ့သေးတယ်လို့ မြို့ခံတစ်ဦးကဆိုပါတယ်။



လက်ရှိမှာ ဖမ်းဆီးထားသူတွေကို ဘားအံမြို့မရဲစခန်းအချုပ်မှာ စစ်ဆေးမေးမြန်းနေတာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ဘားအံမြို့မှာ CDM ပြုလုပ်ထားတဲ့ ပြည်နယ်ရုံးက ထွေအုပ်ဝန်ထမ်းတွေကို ဧည့်စာရင်းစစ်မယ်ဆိုပြီးအကြောင်းပြ လိုက်လံဖမ်းဆီးတာတွေ လုပ်နေတဲ့အပြင် ငွေကြေးတောင်းခံမှုတွေ လုပ်ဆောင်နေတယ်လို့ CDM ဝန်ထမ်းတစ်ဦးထံကနေ သိရပါတယ်။

ဘားအံမြို့မှာတော့ ညတိုင်းတိုင်းလိုလို စစ်ကောင်စီတွေက လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.