မော်လမြိုင် ၊ အောက်တိုဘာ ၂

မွန်ပြည်နယ်မှာ အမှုရင်ဆိုင်ရင်နေတဲ့ အချုပ်သား (၁၉၅)ဦးကို အောက်တိုဘာလ (၁)ရက်နေ့က လွတ်ပေးခဲ့တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ သိရပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့ အချုပ်သူ အချုပ်သားတွေ ဟာဆိုရင် မော်လမြိုင် အချုပ်ထောင်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ထားသူ ဖြစ်ပါတယ်။

အကျဉ်းထောင် အသီးသီးက လွတ်ပေးလိုက်သူတွေကိုတော့ တရားရေးနဲ့ ရဲတပ်ဖွဲ့က စိစစ်တာဖြစ်ပြီး အဲ့ဒီထဲမှာ လူသတ်မှုတွေ အဂတိမှုတွေနဲ့ ခိုးမှုတွေ အများဆုံး ပါဝင်တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“လူသတ်မှုတွေရော၊ အဂတိအမှုတွေရော၊ ခိုးမှုတွေရော၊ ပို့ကုန်သွင်းကုန် မှုတွေရော အဲ့လိုအမှုတွေတော့ အများကြီးပဲ အရေအတွက် အတိအကျတော့ မမှတ်မိဘူး၊ အဲ့တာစိစစ်တဲ့ ဟာကတော့ သက်ဆိုင်ရာ တရားရေးတို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က စိစစ်တာလေ ကျွန်တော်တို့က လွှတ်မိန့်လာတဲ့အချိန်ကျ ကျွန်တော်တို့က လွှတ်ပေးတာပါ”လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။



လက်ရှိ လွှတ်ပေးတဲ့ သူတွေထဲမှာတော့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို မကျေနပ်တဲ့အတွက် ဆန္ဒပြစဉ် မတရား ဖမ်းဆီး ခံရပြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ခံထားရသူတွေ မပါဝင် ဘူးလို့ သိရပါတယ်။

လူသတ်မှုတွေ ခိုးမှုတွေကို လွှတ်ပေးတာဟာ ပြည်သူတွေရဲ့ လုံခြုံရေး အတွက် စိုးရိမ်စရာ ဖြစ်သလို နောက်ထပ် အမှုအခင်းတွေ ပိုဖြစ်လာအောင် လုပ်ဆောင်သလို ဖြစ်နေတယ်လို့ ဒေသခံတွေက သုံးသပ်ပြောကြားပါတယ်။

“လူသတ်မှု ကျူးလွန်တဲ့သူတွေ သူခိုးတွေကို ဘာပြစ်ဒဏ်မှမပေးဘဲ လွှတ်လိုက်တာဟာ သူတို့ကို နောက်တစ်ခါ ထပ်လုပ်ဖို့အတွက် အခွင့်အရေး ပေးနေသလို ဖြစ်နေတာပေါ့၊ အမှန်မှာက သူတို့ကျူးလွန်တဲ့ ပြစ်မှုအပေါ် မူတည်ပြီး ပြစ်ဒဏ်ပေးမှ နောင်ကြဉ်မှာပေါ့၊ အခုက သူတို့နောက် တစ်ခါ ထပ်မလုပ်ဘူးလို့ မပြောနိုင်ဘူးလေ၊ အဲ့ဒါမို့ အားလုံးကြောက်နေရတာပေါ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကျောက်ထုတ်စခန်း နဲ့ စိုက်ပျိုးစခန်း စုစုပေါင်း (၁၀)ခု ရှိပြီး အဲ့ဒီထဲမှာတော့ အကျဉ်းသူ၊ အကျဉ်းသားနဲ့ အချုပ်သူ အချုပ်သား (၃၀၀၀)ကျော် ရှိတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.