မော်လမြိုင်၊အောက်တိုဘာ ၂

စစ်ကောင်စီရဲ့ ဂုဏ်ပြုချီးမြှင့်ငွေတွေ ရပြီးတဲ့နောက် ဘားအံမြို့မှာ နယ်ခြားစောင့်တပ် (BGF) တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးဖမ်းဆီးတာတွေကို ပိုမိုလုပ်ဆောင်လာနေပြီး ပြည်သူတွေအပေါ် မောက်မာခက်ထန်စွာ ဆက်ဆံနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘားအံမြို့မှာ အခုရက်ပိုင်းတွေအတွင်း BGF တပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ စစ်ဆေးရေးဂိတ်တွေမှာ ရှာဖွေစစ်ဆေး ဖမ်းဆီးနေတာ၊ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီစစ်ဆေးတဲ့အခါမှာလည်း ပူးပေါင်းပါဝင်တာတွေ အရင်ကထက် ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မနေ့ အောက်တိုဘာ ၁ ရက်နေ့ကလည်း ဘားအံမြို့ သံလွင်တံတားစစ်ဆေးရေးဂိတ် (တရုတ်လှ)မှာ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ယာဉ်တွေကို ရှာဖွေစစ်ဆေးတာ၊ ခရီးသွားပြည်သူအပေါ် မောက်မာရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံနေတာတွေ ပြုလုပ်လျက်ရှိတယ်လို့ ခရီးသွားတွေထံကနေ သိရတာပါ။

ဒီလို နယ်ခြားစောင့်တပ်တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်လာတဲ့အပေါ်မှာတော့ လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။

“လုံးဝလက်မခံနိုင်စရာပါ။ အထက်အမိန့်ဆိုပေမဲ့ လိမ်မာပါးနပ်စွာနဲ့ ပြည်သူကို အထောက်အပံ့မဖြစ်ရင်တောင် ဒုက္ခမဖြစ်အောင် ကူညီဆောင်ရွက်ပေးရမှာ” လို့ ဘားအံမြို့ခံတစ်ဦးက ဆိုပါတယ်။



ဒါ့အပြင် ရှာဖွေစစ်ဆေးဖမ်းဆီးမှုတွေမှာ နယ်ခြားစောင့်တပ်တွေဟာ အခုလို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ပိုမိုလုပ်ဆောင်လာအပေါ်မှာလည်း ပြည်သူတစ်ဦးအနေနဲ့ လုံးဝမနှစ်သက်ဘူးလို့ ဘားအံမြို့ခံတစ်ဦးကလည်း သုံးသပ်သွားပါသေးတယ်။

“BGF က စစ်တပ်က အစထဲက အသက်သွင်းထားတာဆိုတော့ သူတို့က စစ်ကောင်စီကို လှန်ရဲမှာမဟုတ်ဘူး။ ခိုင်းသမျှအကုန်လုပ်မှာပဲ။ ကရင်လူမျိုးကောင်းစားရေးဆိုပြီး အော်နေပြီး ကိုယ့်လူမျိုးကိုပဲ ဂုတ်သွေးစုပ်နေတာ။ လက်နက်နဲ့ အာဏာပြခြင်နေတယ်ဆိုတာကတော့ လက်ရှိပေမဲ့ ဆင်ခြင်နိုင်တဲ့ စစ်စည်းကမ်းကလည်း မရှိ။ အကောင်းအဆိုးခွဲခြားနိုင်တဲ့ အသိပညာကလည်း မပါတော့ ရိုင်းစိုင်းစွာပြောဆို အာဏာပြတော့တာပဲ။ အဲ့လို လုပ်ရပ်က သူတို့အကျွမ်းကျင်ဆုံးအလုပ်ပဲ။ ပြည်သူတစ်ယောက်အနေနဲ့ မကြိုက်ဘူး” လို့ ဘားအံမြို့ခံတစ်ဦးက သုံးသပ်ပါတယ်။

ဘားအံမြို့မှာတော့ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး လိုင်စင်မဲ့ယာဉ်တွေဖမ်းဆီးတာ၊ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရှာဖွေဖမ်းဆီးတာနဲ့ စစ်ကောင်စီရဲတပ်ဖွဲ့တွေ အလိုရှိတဲ့လူတွေကို လိုက်လံဖမ်းဆီးမှုတွေရှိတဲ့အခါမှာလည်း ပါဝင်နေတယ်လို့ ဘားအံမြို့ခံတွေထံကနေ သိရပါတယ်။

ဘားအံမြို့မှာ ဒီလို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်ပေးနေတဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးဖြစ်သူက ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ဆက်ဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.