သထုံခရိုင်၊ အောက်တိုဘာ ၁

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၈ လတာကာလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ(၁)တို့အကြား တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိ KNU တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ သံလွင်မြောက်ခြမ်း ဘားအံမြို့နယ်ဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“စစ်တပ်က အာဏာမသိမ်းခင်ကတော့ တပ်မဟာ(၁)ဘက်မှာ တိုက်ပွဲတွေက ဖြစ်ပွားတာမရှိဘူး။ NCA အရ နှစ်ဖက်တပ်တွေက နားလည်မှုရှိရှိနဲ့ နေခဲ့ကြတယ်။ သူတို့ဘက်က သွားလာလှုပ်ရှားမှုရှိရင် ဆက်ဆံရေးရုံးကို စေ့စပ်ဆောင်ရွက်ပြီးမှ သွားလာတာရှိခဲ့တယ်။ ဆက်ဆံရေးရုံးကနေတဆင့် ပြန်လည်တင်ပြလုပ်ဆောင်ပေးတာတွေရှိခဲ့တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တပ်ဘက်က လိုလားချက်နဲ့KNU ဘက်က လိုလားချက်က သဘောတိုက်ဆိုင်မှုမရှိဘူး။ သူတို့လှုပ်ရှားမှုတွေလည်း အရင်လို စေ့စပ်ဆောင်ရွက်တာတွေ မရှိတော့လို့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာတာပါ”လို့ KNLA တပ်မဟာ(၁)မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှု အခြေနေအရ ကျိုက်ထိုမြို့နယ်မှာ ၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂၈ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရကာ KNLA ဘက်မှ ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။



ဘီးလင်းမြို့နယ်မှာ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး KNLA ဘက်မှ ၁ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

သထုံမြို့နယ်မှာ တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံး၊ ၁၇ ဦးထိခိုက်ဒဏ်ရာရကာ KNLA ဘက်မှ ထိခိုက်သူမရှိ‌ဘူးလို့ သိရပါတယ်။

ဘားအံမြို့နယ်မှာ တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၉ ဦးသေဆုံး၊ ၁၆ ဦးထိခိုက်ဒဏ်ရာရကာ ၊ KNLA ဘက်မှ ၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ကျိုက်ထိုမြို့နယ်အတွင်း ဒေသခံ ၁၆၀၀ ဦးနီးပါး လုံခြုံ သည့်နေရာကို စစ်ဘေးရှောင်နေရပြီး ဘားအံမြို့နယ်ထဲက ဒေသခံတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေထံကို ပြောင်းရွေ့နေထိုင်ရာတာတွေရှိတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.