By နောင်ခန့်

ဖက်ဆစ်တော်လှန်ရေးလို့ လူထုက သတ်မှတ်တဲ့ မတ်လ (၂၇)ရက် စနေနေ့ ၊ ကျိုက်ထိုမြို့ရဲ့ လမ်းမအချို့မှာ မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ တာယာကွင်းတွေက ကန့်လန့်အနေအထားနဲ့ လမ်းကို ပိတ်နေပါတယ်။

ကျိုက်ထိုရဲ့ လမ်းထောင့်တစ်နေရာမှာတော့ ခြေကျင်းဝတ် ကျည်ထိမှန်ထားတဲ့ သက်လတ်ပိုင်း လူရွယ်တစ်ယောက်ကို လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ ရဲနဲ့စစ်သားတွေက ဆဲဆိုကြိမ်းမောင်းပြီး ထိုးကြိတ်နေပါတယ်။

“ ထထ ငါးလိုးမသားတွေ ထလို့ ပြောနေတယ်မလား” လို့ ပါးစပ်က ဆဲဆိုနေသလို စစ်ဖိနပ်နဲ့ လူငယ်ကို ရိုက်နှက်ကန်ကြောက် နေခဲ့တာပါ။

အဲ့ဒီနောက် သေနတ်တစ်ချက် ပစ်ဖောက်ပြီး အတင်းဆွဲထူခဲ့လို့  ခြေကျင်းဝတ် သေနတ်ထိမှန်ထားတဲ့ လူရွယ်ဟာ ထော့နင်း ထော့နင်းနဲ့ လမ်းလျှောက်ခဲ့ရပါတယ်။

ကျိုက်ထိုသတင်းထောက် ကိုထက်မြက်သူအား ရိုက်နှက်ဖမ်းဆီးတဲ့ ရုပ်သံ

 အဲ့ဒီဖြစ်စဉ်တွေကို တွေ့မြင်ရတဲ့ ရုပ်သံဖိုင်ဟာ မတ်လ (၂၇)ရက်နေ့ မနက်ပိုင်းမှာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ခြေကျင်းဝတ် သေနတ်ထိမှန်ပြီး ရိုက်နှက်ခံနေရတဲ့ လူရွယ်ကတော့ ကျိုက်ထိုက သတင်းထောက် ကိုထက်မြက်သူ ဖြစ်ပါတယ်။

သေနတ်ပစ်ခံထိတဲ့ သတင်းထောက်

ဖက်ဆစ်တော်လှန်ရေးလို့ လူထုက သတ်မှတ်တဲ့ မတ်လ (၂၇)ရက်နေ့မှာ နိုင်ငံတဝှမ်းက သန်းနဲ့ချီတဲ့ လူထုက လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့သလို ကျိုက်ထိုဒေသခံတွေကလည်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အာဏာသိမ်းစစ်အုပ်စုကတော့ မနက်မိုးမလင်းမှီ အာရုဏ်ဦးအချိန်က စတင်ပြီး ဆန္ဒဖော်ထုတ် သူတွေကို ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

မတ်လ (၂၇)ရက်နေ့ဟာ စစ်တပ်အာဏာသိမ်းပြီး ၅၅ ရက်တာ ကာလအတွင်း အဆိုးဝါးဆုံး စံချိန်တင် အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းမှု ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနေ့မှာ နိုင်ငံတဝှမ်းက ဆန္ဒဖော်ထုတ်သူ အမြောက်အများ သေဆုံးခဲ့သလို ဖမ်းဆီးခံရသူတွေလည်း ရာနဲ့ချီ ရှိခဲ့ပါတယ်။

အဲ့ဒီလို အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးခံရသူတွေထဲမှာ ကျိုက်ထိုဒေသခံ သတင်းထောက် ကိုထက်မြက်သူလည်း ပါဝင်ခဲ့ပါတယ်။

“ ဓာတ်ပုံသွားရိုက်မယ်ဆိုပြီး ထွက်သွားတာ ။ သူ သတင်းထောက်လုပ်နေမှန်းလဲ မသိဘူး။ အိပ်မက်မကောင်းလို့ မနက်ဖြန်ကျရင် မသွားလို့ မရဘူးလားလို့ အန်တီက သူ့ကိုမေးသေးတယ်။မရဘူး အမေတဲ့ သားဓာတ်ပုံရိုက်ရုံပဲဆိုပြီး ထွက်သွားတာလို့” ကိုထက်မြက်သူရဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။

အဲဒီနောက် ဆန္ဒဖော်ထုတ်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် နှိမ်နှင်းခဲ့လို့ သတင်းဓာတ်ပုံ ရိုက်ကူးနေတဲ့ ကိုထက်မြက်သူလည်း ခြေကျင်းဝတ် ကျည်ထိမှန်ပြီး အထက်ဖော်ပြပါအတိုင်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရပါတယ်။

“ သူဖမ်းခံရတာ ဆယ်နာရီလောက် လိုင်းပေါ်တက်လာတယ်။ သူများတွေ လာပြောမှ အန်တီတို့ သိတာ။ သိသိချင်းလိုက်တော့ မော်လမြိုင်စစ်ဆေးရုံဆီ ပို့လိုက်တယ်ဆိုလို့ လိုက်သွားတယ်။ ဗီဒီယိုဖိုင်တွေလည်း အန်တီတို့ မကြည့်ရက်ဘူး။ သူများပြောတာနဲ့တင် စိတ်မကောင်း ဖြစ်နေပြီး”လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ပုဒ်မ (၅၀၅)နှင့် အမှုဖွင့်

ကိုထက်မြက်သူရဲ့ ကျည်ထိမှန်ထားတဲ့ သေနတ်ဒဏ်ရာကို မော်လမြိုင်စစ်ဆေးရုံးမှာ ခွဲစိတ်ကုသပြီးနောက် တစ်ပတ်အကြာ သင်္ကြန်နှစ်ဆန်း နှစ်ရက်နေ့မှာ ဆေးရုံဆင်းခိုင်းပြီး သထုံမြို့မစခန်းကို ခေါ်ဆောင်ခဲ့ပါတယ်။

သထုံမြို့မစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားရင်းမှပဲ ကိုထက်မြက်သူကို ပုဒ်မ (၅၀၅)နှင့် စစ်ကောင်စီက တရားစွဲဆိုခဲ့ပါတယ်။

“ သထုံမှာ တရားစွဲမှပဲ သူ့ကိုတွေ့ရတယ် ၊ သုံးလေးပတ်လောက် ကြာမယ်။ နောက်ကိုဗစ်ဖြစ်တော့ မစစ်ဖြစ်လို့ မတွေ့ရတော့တာ အခုထိပဲ” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ကိုထက်မြက်သူရဲ့ မိခင်ကတော့ သားဖြစ်သူရဲ့ အမှုကို အမြန်ဆုံး ရုံးထုတ်ပြီး စီရင်ချက်ချမယ့်နေ့ကို လည်တဆန့်ဆန့်နဲ့ မျှော်နေရတယ်လို့ ဆိုပါတယ်။

“အခုက တပတ်တခါ ထောင်ဝင်စာ သွားပို့နေတယ်။ ကြားတာကတော့ နောက်ရုံးထုတ်ရင်လည်း ကိုဗစ်နဲ့ဆိုတော့ မပေးတွေ့ဘူးထင်တယ်” လို့ မိခင်ဖြစ်သူက စိတ်မကောင်းဟန် အသံတိုးတိုးလေးဖြင့် စာရေးသူကို ပြောပါတယ်။

ရုံးချိန်းစောင့်နေရသူ

ကိုထက်မြက်သူ အပါအဝင် စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ မွန်ပြည်နယ်မှာ အဖမ်းခံထားရသူ (၄၃၀) ကျော် ရှိပါတယ်။

အဲ့ဒီအထဲက လူဦးရေ (၁၀၀)နီးပါးကိုသာ အမှုစစ်ဆေးပြီးလို့ ထောင်ဒဏ် (၂)နှစ်ကနေ (၄)နှစ်အထိ အသီးသီး အမိန့်ချမှတ်ခဲ့ပါတယ်။

မော်လမြိုင်မြို့က ဆန္ဒဖော်ထုတ်သူတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားစဉ်

 ကိုထက်မြက်သူကတော့ အဖမ်းခံရပြီး (၇)လကျော် ကာလအထိ အချုပ်ချခံနေရဆဲဖြစ်ကာ အမှုရင်ဆိုင်ဖို့ တရားရုံးလည်း မသွားရသလို ရှေ့နေတွေအပြင် မိသားစုဝင်တွေနဲ့ပါ တွေ့ခွင့်မရနေဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်-၁၉ အကြောင်းပြချက်နဲ့ အစိုးရရုံးတွေကို ဆက်တိုက်ပိတ်နေတဲ့ အတွက် အမှုရင်ဆိုင်ဖို့ ကြန့်ကြာနေရတာ ဖြစ်ပါတယ်။

အခုလို အမှုတွေကို လအတော်ကြာ မစစ်ဆေးပဲ ထောင်အတွင်းမှာ အချုပ်ကျခံစေတာဟာ အမှုသည်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ကျတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

“ခုက ချုပ်လည်း မထုတ် အမှုလည်း မစစ်ဘဲနဲ့ ကြားမြင့်စွာချုပ်နှောင်ထားတော့ ဥပဒေသဘောအရ ကြိုတင် အပြစ်ပေးရာရောက်တယ်ပေါ့၊  အမှုသည်ရှေ့နေတွေနဲ့ လူချင်းတွေ့ စကားပြောခွင့်မရဘူး အမှုသည်မိသားစု တွေနဲ့လည်း လူချင်းတွေ့ စကားပြောခွင့်မရဘူး” လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။

စီရင်ချက်အပေါ်  မိခင်၏ မျှော်လင့်ချက်

ကိုထက်မြက်သူအဖမ်းခံရပြီး (၇)လနီးပါး ကြာမြင့်တဲ့အထိ သူ့အမှုကို စစ်ဆေးရာမှာ တရားလို သက်သေ (၄)ဦးကို စစ်ဆေးပြီးပြီးလို့ မိခင်ဖြစ်သူက ပြောပါတယ်။

ယခုအခါ နောက်ဆုံးတရားလိုသက်သေအဖြစ် စခန်းမှူးတစ်ဦးကိုသာ မေးမြန်းဖို့ ကျန်တော့ပေမယ့် စစ်ကောင်စီရဲ့ ရုံးပိတ်ရက်တွေကြောင့် စစ်ဆေးမေးမြန်းပြီး စီရင်ချက်ချဖို့ ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။

ရှေ့က တရားလိုသက်သေတွေရဲ့ ထွက်ဆို ချက်အရ ကိုထက်မြက်သူဟာ ၎င်းကို စစ်ကောင်စီက တရားစွဲထားတဲ့ ပုဒ်မ (၅၀၅)နဲ့ မသက်ဆိုင်ကြောင်း ယူဆနိုင်တယ်လို့ မိခင်ဖြစ်သူက သုံးသပ်ထားပါတယ်။

ဒါကြောင့် နောက်ဆုံးတရားလို သက်သေတစ်ဦးကို စစ်ဆေးပြီး သားဖြစ်သူအား စီရင်ချက်ချမယ့်နေ့ကို အမြန်ဆုံး ရောက်ဖို့ ရင်တမမနဲ့ ထိုင်စောင့်နေရတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

“ အန်တီကတော့ အမြန်ဆုံး စစ်ဆေးပြီး စီရင်ချက် ချစေချင်ပြီ ။ လွတ်လာရင် အန်တီ့သားကို ဘုန်ကြီးပေးဝတ်ထားလိုက်တော့မယ်”လို့ ကိုထက်မြက်သူရဲ့ မိခင်က ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.