မော်လမြိုင်၊ စက်တင်ဘာလ ၂၂

စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်သက်ရောက်မှုတွေကြောင့် မွန်ပြည်နယ်အတွင်းက ယာဉ်လိုင်းအများစု အပြီးပိုင် ရပ်နားရတော့မယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ယာဉ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယာဉ်လိုင်းတွေဟာ စက်သုံးဆီ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ ခရီးသည် နည်းပါးလာတာ၊ ကုန်ပစ္စည်းတင်ပို့မှု နည်းပါးလာတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

“အခုက ကိုယ်ဟာကိုယ် အိတ်စိုက်ပြီး လုပ်နေရတယ်၊ ကားထွက်ရုံလောက်ပဲ လုပ်နေရတာ၊ ရေရှည်ဆိုရင်တော့ အပြီးရပ်ရတော့မယ်”လို့ ယာဉ်လိုင်းပိုင်ရှင် တစ်ဦးက ဆိုပါတယ်။

စက်သုံးဆီ ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်လီတာကို အရင်ထက် ၈၀ ရာခိုင်နှုန်းကျော်ထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

အခုအခါ စက်သုံးဆီဈေးနှုန်းဟာ ဒီဇယ် တစ်လီတာကို ၁၂၆၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို ၁၂၇၅ ကျပ်၊ အောက်တိန်း (၉၂) တစ်လီတာကို ၁၂၆၅ ကျပ်နဲ့ အောက်တိန်း (၉၅) တစ်လီတာကို ၁၃၃၅ ကျပ်ထိဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။



“အခုက တစ်ခေါက်ဆွဲရင် ဘာမှမကျန်ဘူး၊ ဆီဈေး အဲ့လောက်တက်နေတာ၊ ပြီးတော့ ခရီးသည်တွေကလည်း တော်တော်များများက မသွားကြဘူး၊ ဒီအတိုင်းဆိုရင် အလုပ်ဆက်လုပ်ဖို့ မလွယ်တော့ဘူး” လို့ ယာဉ်လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် မကြာမီကာလအတွင်း ယာဉ်လိုင်း အများစု အပြီးပိုင်ရပ်နားရတော့မှာ ဖြစ်သလို ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်လာနိုင်တယ်လို့ ယာဉ်လုပ်ငန်းရှင်တွေ ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ မော်လမြိုင်ကနေ တခြားတိုင်းနဲ့ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းပေါင်း ၇၃ လိုင်း ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယာဉ်လိုင်းအများစု ရပ်နားလာလို့ ယာဉ်လုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေရတဲ့ မိသားစု ထောင်ချီ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.