မော်လမြိုင်၊ စက်တင်ဘာ ၂၀

ပုလောမြို့နယ်၊ ပလမြို့မှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက ဒေသခံပြည်သူ သုံးဦးကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

” နေ့လည်ပိုင်းလောက်ပဲ ရှိမယ်၊ ကောင်လေးက ဆိုင်ကယ်မောင်းလာတာ မြို့ဆိုင်းဘုတ်အနားအရောက်မှာ စစ်ကောင်စီတပ်နဲ့ ဆုံတော့ သူ့ကိုလှမ်းတားတယ်၊ ပြီးတော့ သူ့ကို ဖမ်းခေါ်သွားတယ်။ ” ဟု ဒေသခံတစ်ဦးက ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရသူမှာ ပလမြို့မှာ ဆံပင်ညှပ်ဆိုင်ဖွင့်ထားတဲ့ အသက် ၁၉ နှစ်အရွယ် ကိုဟိန်းရာဇာဖြစ်ပြီး သူက နားအကြားအာရုံအနည်းငယ်ချို့တဲ့နေတယ်လို့ ဆိုပါတယ်။

အဲနောက်မှာတော့ ကိုဟိန်းရာဇာရဲ့ သူငယ်ချင်းဖြစ်သူ ကိုရဲသွေးအောင်ကို ဖမ်းဆီးရန်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြပ်ကိုင်ခဲ့ပါတယ်။” သူ့သူငယ်ချင်းကိုလည်း စစ်တပ်က ဖမ်းဖို့ စီစဉ်ထားတာ၊ ဟိန်းရာဇာဖုန်းနဲ့ပဲ သူ့အိမ်ကို လာခဲ့ဖို့ ချိန်းလိုက်တာ၊ အကြပ်ကိုင်တာပေါ့ဗျာ၊ အဲတာ သူ့သူငယ်ချင်း ရဲသွေးအောင်ကိုလည်း ဖမ်းလိုက်တယ် ” ဒေသခံတွေက ဆိုပါတယ်။

အဲဒီအပြင် ဒီကနေ့ နေ့လည်ပိုင်းမှာပဲ ပလမြို့ပေါ်က နေအိမ်တစ်ခုတွင် အသက် ၅၀ နှစ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။

” အဲဒီအဒေါ်က သူ့အိမ်မှာ နေရင်းနဲ့ စစ်သားတွေ အိမ်ထဲဝင်ဖမ်းတာ၊ သူက အုတ်ဖိုးလုပ်ငန်းနဲ့ ဆန်စက်လုပ်ငန်းကို လုပ်ကိုင်တယ်၊ သူ့ကို ဒေသခံ PDF တွေနဲ့ ပတ်သက်နေတာ သတင်းရထားတာလို့ အခုလို ဖမ်းတာ ကျွန်တော် သိထားရတယ်။ ဘာလို့ဆိုတော့ သူ့အမျိုးသားက NLD ပါတီရဲ့ မြို့စည်းရုံရေးမှူးလဲ ဖြစ်နေတယ်။ သူ့ယောကျာ်အိမ်ကနေ ရှောင်နေတာ ကြာပြီးလဲ သိထားတယ်။” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့တွေက ဒေါ်ကျင်စန်းနေအိမ်သို့ ပြန်လာပြီး နေအိမ်အတွင်း ပစ္စည်းတချို့ကို မွှေနှောက်ကာ ရွှေငွေလက်ဝတ်ရတနာများလည်း ယူဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် သံလွင်တိုင်းမ်သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပလမြို့ ပြည်သူ ၃ ဦးကို မိသားစုဝင်တွေက အဆက်အသွယ်ရရှိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်


Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.