မော်လမြိုင်၊ စက်တင်ဘာ၊ ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့​ပေါ်ရပ်ကွက်တစ်ခုရှိ လမ်းမပေါ်မှာ စက်တင်ဘာ ၁၉ ရက် ညနေ ၆ နာရီခန့်က စစ်တပ်ထောက်ခံသူ ဦးဝဏ္ဏ သေနတ်ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက အတည်ပြောဆိုပါတယ်။

ဦးဝဏ္ဏဟာ ၁၃ မိုင် ဒလန်လို့ ဒေသခံတွေအကြား နာမည်ထွက်နေတဲ့ စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်ပြီး ရဲ၊ စစ်သားတွေဆီ သတင်းပုံမှန်ပေးနေသူလို့ ဆိုကြပါတယ်။

” သူက ဒီမှာ စစ်တပ်ရဲ့ နာမည်ကြီး သတင်းပေး ဒလန်တစ်ယောက်ပဲ၊ မနေ့ညနေလောက် လမ်းမပေါ်မှာ သေနတ်နဲ့ ၃ ချက်ပစ်ခံထိတယ်၊ အဲမှာ ပွဲချင်းပြီး သေတယ်။ ဘယ်သူပစ်သွားလဲဆိုတာ မသိရဘူး “လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနောက်မှာ အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရပ်ကွက်အတွင်းက မသင်္ကါတဲ့ လူငယ်တွေကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

” အခင်းဖြစ်နေရာကို စစ်သားတွေလာပြီး စစ်တယ်၊ ဟိုမေး၊ ဒီမေးပြီး၊ ရပ်ကွက်ထဲ အဲဒီရပ်ကွက်ထဲ လိုက်စစ်တယ်၊ မသင်္ကါတဲ့ လူငယ်တွေကို ဖမ်းသွားတယ်၊ ဘယ်နှစ်ဉီးလဲတော့ တိတိကျကျမသိရဘူး၊ ဖမ်းသွားတာ သေချာတယ်”လို့ ဒေသခံတွေက ​ပြောပါတယ်။

ဒီကနေ့ မနက်မှာလည်း ဒေသခံလူငယ်တချို့က အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်းစာသားပါတဲ့ အလံထောင်ပြီး ဆန္ဒပြခဲ့ကြသည့် ဒေသခံလူငယ်အမျိုးသမီး၊အမျိုးသား (၅)ဦးထက်မနည်းကို ဒလန်သတင်းပေးကြောင့် ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.