မော်လမြိုင် ၊ စက်တင်ဘာ ၉

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ မလိုအပ်တဲ့ ထိန်းချုပ်မှုတွေကြောင့် ဒေါ်လာဈေးတွေ ဆက်တိုက် မြင့်တက်လာ ရတာဖြစ်တယ်လို့ စီပွားရေး လုပ်ငန်းရှင်တွေက ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်တင်ပို့သူတွေအနေနဲ့ ကုန်ပို့ရငွေကနေ မသုံးဘဲ ကျန်တဲ့ငွေကို ဘဏ်စာရင်းထဲ ငွေဝင်ပြီး ၄ လအတွင်း ပေါက်ဈေးအတိုင်း သက်ဆိုင်ရာ နိုင်ငံခြား သုံးငွေရောင်းဝယ်ရေး ဘဏ်တွေမှာ မပျက်မကွက် ရောင်းချ ပေးရမယ်လို့ စက်တင်ဘာ ၃ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အဲလို ထုတ်ပြန်ပြီးနောက် ဒေါ်လာဈေးနှုန်းဟာ ကျပ် ၁၈၀၀ ကျော်ထိ စံချိန်မြင့်တက်လာခဲ့ပါတယ်။

ဒေါ်လာဈေးတွေ မြင့်တက်လာတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်မားလာသလို စီးပွားရေး လည်ပတ်မှု တွေမှာလည်း နှောက်နှေးကုန်တယ်လို့ စီးပွားရေး လုပ်ငန်းရှင် တွေက ပြောပါတယ်။

“အဓိက က ဒေါ်လာဈေးတွေကို လိုက်ပြီး ထိန်းချုပ်လို့ ဖြစ်တဲ့ အနေအထားပေါ့၊ထုတ်ချင်တိုင်း ထုတ်လို့ မရအောင် လုပ်ထားတယ်၊ တဖက်မှာ ဘာဖြစ်လာလဲ ဆိုတော့ စီးပွားရေး လည်ပတ်မှုမှာ နှောက်နှေး ကုန်ရော”လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြန်မာငွေ တန်းဖိုး ကျလာတာကြောင့် ဒေါ်လာကို ဝယ်ယူသူတွေ များလာတဲ့အတွက် ဒေါ်လာဈေး တက်လာသလို ဒေါ်လာတွေ ကိုင်ထားသူတွေ များပြီး တချို့ လုပ်ငန်း လုပ်ကိုင် သူတွေအနေနဲ့ ဒေါ်လာနဲ့ ငွေချေဖို့ လိုတဲ့အချိန်မှာ ဒေါ်လာမရှိတာကြောင့် ကြံဖန်ပြီး ဈေးကြီးပေး ဝယ်ယူတာတွေ ရှိတဲ့အတွက် အခုလို ဒေါ်လာဈေး မြင့်တက် လာရတာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်လာဈေး မြင့်တက်လာတာကြောင့် နောက်ဆက်တွဲ ပြသနာ အနေဖြင့် ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးကြီးပေးဝယ် နေရသလို လုပ်ငန်း လည်ပတ်ဖို့ ကုန်ကြမ်းပစ္စည်း တွေကိုလည်း ဈေးကြီးပေး ဝယ်နေရတာကြောင့် ရေရှည် လုပ်ငန်းလည်းပတ်ဖို့ အခက်အခဲ ဖြစ်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

“လုပ်ငန်းရှင်တွေက လက်ရှိ ဒေါ်လာဈေး တက်တဲ့အတွက်ကို တချို့ စက်ရုံတွေကလည်း ပြန်ရောင်းဖို့ မကိုက်တော့တဲ့အတွက် အရင်တုန်းထဲက လုပ်ငန်း တဝက်လောက် လျော့လိုက်တဲ့ ထဲမှာ အခုငွေဈေးဟတဲ့အတွက် အနည်းအကျဉ်း လည်ပတ်ရုံလောက်ပဲ လုပ်နိုင်တယ်၊ လုပ်ငန်းတွေကို မှီခိုတဲ့ လုပ်သားတွေကိုလည်း တစ်ဝက်လောက် လျော့ချ လိုက်ရတယ်”လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

လက်ရှိ ဒေါ်လာ လဲလှယ် ဈေးနှုန်းဟာဆိုရင် စစ်တပ်အာဏာ မသိမ်းခင်အချိန်က ကျပ် ၁၃၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရမှ အာဏာသိမ်းပြီး ၇ လတာ ကာလအတွင်း ကျပ် ၁၈၀၀ ကျော်ထိ စံချိန်တင်ဈေနှုန်းမြင့်တက်လာနေပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.