မော်လမြိုင်၊ စက်တင်ဘာ ၈

အာဏာသိမ်း စစ်ကောင်စီက အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေကို ပုံမှန်အတိုင်းရုံးတက်အလုပ်လုပ်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဆက်စပ်တဲ့အဖွဲ့တွေရဲ့ ထုတ်ပြန်မှု၊ လှုပ်ရှားနေမှုတွေကို နေ့စဉ်တင်ပြဖို့ကို စက်တင်ဘာ ၈ ရက်နေ့မှာ ညွှန်ကြားလိုက်ပါတယ်။

စက်တင်ဘာ ၇ ရက် နံနက်ပိုင်းမှာ NUG အစိုးရက ပြည်သူ့တော်လှန်ရေးစတင်ပြီးဖြစ်ကြောင်း ကြေညာမှုနဲ့အတူ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်း​ဆောင်နေတဲ့ ဝန်ထမ်းများအားလုံး ရုံးတက်ခြင်းမပြုကြဖို့ ကြေညာခဲ့ပါတယ်။

စစ်ကောင်စီကတော့ ဝန်ထမ်းတွေကို အရပ်ဝတ်ဖြင့် ရုံးတက်ကြဖို့နှင့် ရုံးမတက်တဲ့သူတွေကို နေအိမ်မှာ သွားခေါ်ပြီး ရုံးတက်ခိုင်းကြဖို့ ညွှန်ကြားလာတာဖြစ်ပါတယ်။

” ဒီမနက်မှာပဲ ညွှန်ကြားလာတယ်။ ဝန်ထမ်းတွေ မပျက်မကွက် ပုံမှန်ရုံးတက်နေကြဖို့၊ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ရုံးလာမတက်တဲ့သူတွေကို သူတို့နေအိမ်မှာ သွားခေါ်ပြီး ရုံးတက်အလုပ်လုပ်ကြဖို့ရယ်၊ နောက်တခုက NUG အစိုးရနဲ့ ဆက်စပ်တဲ့ အဖွဲ့တွေရဲ့ လှုပ်ရှားမှု၊ ထုတ်ပြန်မှုတွေကို စောင့်ကြည့်မှတ်တမ်းရယူထားပြီး နေ့စဉ်တင်ပြနိုင်ဖို့ ပြည်နယ်ကော်မတီဖွဲ့ထားတယ်။ အဲလိုတင်ပြနိုင်ဖို့ မြို့နယ်အလိုက်က ဝန်ထမ်းတွေကို စောင့်ကြည့်နေဖို့လည်း ညွှန်ကြားထားတယ်။ ” ဟု Non – CDM ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်သတင်းဌာနကို ပြောပါတတယ်။

စစ်ကောင်စီက ဌာနလုပ်ငန်းလည်ပတ်မှု ပြတ်တောက်သွားမှာကို စိုးရိမ်မှုတွေကြောင့် ကိုဗစ်ကာလ ရုံးပိတ်ရက်အဖြစ်ကြေညာခဲ့တဲ့ ဇူလိုင်လကတည်းက လက်ရှိအချိန်ထိ ဝန်ထမ်းတွေကို ပုံမှန်အတိုင်းရုံးပြန်တက်အလုပ်ဆင်းခိုင်းနေရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ တဖက်မှာတော့ CDM ဝန်ထမ်းတွေ လုပ်ငန်းခွင် ပြန်ဝင်မယ်ဆိုရင် အရေးမယူလို့ ကြေညာထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.