သူ နိုင်ငံရေးနှင့် ဆက်နွယ်မိသည်ကတော့ ရှစ်ဆယ့်ရှစ် အရေးအခင်း ဖြစ်ကတည်းက ဖြစ်၏။ ထိုစဉ်တုန်က သူက ကျိုက်ထိုမှာ။ သူ့အစ်ကို တစ်ဝမ်းကွဲ ဘုန်းကြီးကျောင်းမှ နေပြီး ကျောင်းတက်နေခဲ့သည်။ ကိုးတန်း ကျောင်းသား ဖြစ်၏။ အထက (၂) ကျိုက်ထို မွန်ပြည်နယ်။ ရှစ်ဆယ့်ရှစ်မဖြစ်ခင် ပဲခူး အထက (၁)မှာ ကိုးတန်း တက်ခဲ့၏။ တစ်နှစ် ကျခဲ့၏။ ၁၉၈၈ ခုနှစ် မှာ ကျိုက်ထိုကို ပြောင်းတက်ခဲ့သည်။
အဲဒီမှာ ရှစ်ဆယ့်ရှစ် အရေးအခင်း စဖြစ်လေသည်။ သူ ပါဝင် လှုပ်ရှားခဲ့သည်။ သပိတ်မှောက် အထက်တန်းကျောင်း သား ဖြစ်သွား၏။ ကျောင်းများကို ပိတ်လိုက်သဖြင့် ထွက်ပြေးကြရသည်။ အဖမ်းခံရမှာကြောက်လို့ အများ နည်းတူ ထွက်ပြေးကြရာ သူလည်း သူ့မိခင်၏ အမဖြစ်သည့် ကြီးတော်များရှိရာ ရွာကို ရောက်သွားလေသည်။
ကြီးတော်တို့ရွာ နာမည်မှာ ပဲခူး အောက်ကွင်း ဖြစ်၏။ ကျိုက်ထိုမှ သမ္ဗာန်နှင့် သွားရသည်။ အောက်ကွင်း ရွာနားတွင် မောက်မောက်ရွာနှင့် ကသစ်ခုံရွာ တို့ရှိကြသည်။ ထိုနေရာကား မကြာခဏ ပင်လယ်နှင့် နီးကပ်သဖြင့် ပင်လယ်ကမ်းန ဘေးရှိ မြေများ မကြာခဏ ပြိုကျတတ်၏။ ဒေသခံများက ပင်လယ်ပြိုသညည်ဟု ပြောလေ့ရှိသည်။ သူ့သူငယ်ချင်း အ ပေါင်းအသင်းများထဲမှ တစ်ချို့က တောခိုသွားကြသည်။ ထိုအချိန်မှ စပြီး နိုင်ငံရေး ပိုးဝင်လာခဲ့ခြင်း ဖြစ်လေ၏။
သို့နှင့် ပဲခူး အောက်ကွင်း ရွာမှာ တစ်မိုး သွားအောင်းခဲ့သည်။
နောက်ပိုင်း ကျောင်းများပြန်ဖွင့်သောအခါ သူ ကျောင်းမတက်နိုင်တော့ပါ။ ကျောင်းထွက်လိုက်ရလေတော့သည်။ ကျောင်းထွက်ပြီး ဆယ်နှစ်ခန့်အတွင်း ဟိုရောက်ဒီရောက်နှင့် ဖြတ်သန်းနေခဲ့ရ၏။ ကြုံရာကျပန်း အလုပ်တွေ လျှောက် လုပ်ရင်း ကျင်လည်နေခဲ့သည်။ ဒီလိုနှင့် ၁၉၉၇ – ၉၈ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်ကို ရောက်သွား၏။ မဲဆောက်မှာ အလုပ်လုပ်နေသည့် သူငယ်ချင်းက ခေါ်သွားသဖြင့် လိုက်လာခြင်း ဖြစ်သည်။
ကိုယ့်အရပ်မှာက အလုပ်အကိုင်ကလည်း အလွန်ရှားသည်။ ရှိတာကျပြန်တော့လည်း အလုပ်ကြမ်းက များ၏။ ကျောင်း က အထက်တန်းလောက် တက်ထားသူ ဖြစ်သောကြောင့် အလုပ်ကြမ်းကျတော့ မလုပ်ချင်ပြန်။ မလုပ်နိုင်တာလည်း ပါ၏။ ထို့ကြောင့် မဲဆောက်ကို ထွက်လာခြင်း ဖြစ်သည်။ မဲဆောက်မှာက စက်ရုံ အလုပ်ရုံတွေ ပေါ၏။ ဝင်ငွေချင်းက လည်း သုံးဆ လောက် ကွာ၏။ လုပ်ခက တစ်ရက်ကို ဘတ် ရှစ်ဆယ် ကိုးဆယ် လောက် ရကြ၏။ ထိုင်းငွေ တစ်ဘတ် ကို မြန်မာငွေ ခုနစ်ကျပ် ရှစ်ကျပ်လောက် ရှိတော့ တစ်ရက်လုပ်အားခ မြန်မာငွေနှင့် တွက်လျှင် ခြောက်ရာကျော် ခုနစ် ရာကျော်လောက် စီ၏။ ဒီမှာလုပ်ရသည့် အလုပ်များကလည်း သက်သောင့်သက်သာလည်း ရှိသည်။ ကောင်းကောင်း မွန်မွန်လေးလည်း နေရထိုင်ရ၏။ ကိုယ့်တိုင်းပြည်မှာက အလုပ်ကြမ်းချည်းပဲ ရှိသည် မဟုတ်လား။
မြဝတီကို လာသည့် လမ်းခရီးတစ်လျှောက် တောက်လျှောက် အစစ်အဆေးဂိတ် အလွန်း များသည်။ ဝါးလုံးတစ်လုံးနှင့် လမ်းကို ကန့်လန့်ဖြတ်ကာပြီး ပိုက်ဆံတောင်းတတ်လို့ လူများက ဝါးတားဂိတ် ခေါ်ကြ၏။ အဆိုပါဂိတ်များက မစစ် မဟုတ် စစ်သည်။ သို့သော် ငွေကို လမ်းခင်းသွားပါက အကုန် လွတ်သည်။ ဝါးတားဂိတ်ကိုရောက်ရင် လူများက ကားပေါ်မှ ဆင်းပြီး လမ်းလျှောက်ရ၏။ မှတ်ပုံတင် ပါပါ မပါပါ အကုန် ပိုက်ဆံ တောင်းခြင်း ခံရသည်။ ထို့ကြောင့် ကား မ ထွက်ခင်တည်းက စပါယ်ယာက ခရီးသည်များကို ကြိုတင် ညှိထား၏။ စပါယ်ယာကို ပိုက်ဆံပေးထားရ၏။ ဂိတ်တိုင်း ဂိတ်တိုင်းမှာ စပါယ်ယာက အရင် ပြေးဆင်းသွားပြီး ငွေနဲ့ လမ်းရှင်းသွား၏။
ညှိတာက ”မှတ်ပုံတင် မရှိသူ ဘယ်နှစ်ယောက် ပါလဲ။ မှတ်ပုံတင် မပါရင် ဘယ်လောက်ပေးရမယ်၊ ဒီနှုန်းထား ပေး ရ မယ်” ဟု ဆိုကာ ငွေကြိုကောက်ထားသည်။ မှတ်ပုံတင် မပါသူများသည် ကားပေါ်မှာ လူမမာပုံစံနှင့် ထိုင်နေရ၏။ အင်္ကျ ီတွေ ဖြစ် စေ စောင်ဖြစ်စေ တဘက်ဖြစ်စေ ခေါင်းမှာ အုပ်ပြီး လူမမာ ပုံစံနှင့် နေပေးရသည်။ ကားပေါ်မှာ ကျန်း မာရေး မကောင်းလို့ အောက်ကို မဆင်းနိုင်သည့် ဟန် ဆောင်ထားခိုင်းသည်။
ဘားအံနားက မြိုင်လေးတံတားကို ညဘက်တွင် ကားဖြတ်ခွင့်မရှိပါ။ တံတားကို ပိတ်ထားသည်။ မြဝတီကိုလည်း အဆင်းတစ်ရက် အတက် တစ်ရက်သာ သွားနိုင်သည်။ ထို့ကြောင့် စုံဆင်း မတက် ဟု သင်္ကေတဖြင့် မှတ်ထားကြ ရ၏။ သာမညကို ရောက်ပြီးလျှင် ဂျိုင်းမြစ်ကို ဇက် ကူတို့ နှင့် ကူးရသည်။ ကားရော လူပါ ဇက်ပေါ်တက်ပြီး တစ်ဘက်ကမ်းကို ကူးကြရသည်။
သာမည ဆရာတော် ဘုန်းတန်ခိုး အလွန် ကြီးမားချိန်ဖြစ်သောကြောင့် သာမညတောင်မှာ လူတိုင်း အလကား ထမင်း ဝင်စားလို့ရ၏။ အလှူလုပ်ခြင်းဖြစ်သည်။ သက်သတ်လွတ် ကျွေး၏။ သာမညကို ဖြတ်သည့်အချိန်တွင် ကားတွေပေါ် မှာ အသား ငါး စသည်တို့ တင်ဆောင်ခြင်း ခွင့်မပြုပါ။ ကားပေါ်မှာ ပါလာခဲ့လျှင် ထိခိုက်တတ်သည်ဟု ယုံကြည်ကြ သောကြောင့် ဖြစ်သည်။ အန္တရာယ် ဖြစ်တတ်သည်ဟု ပြောကြ၏။ အရက်စသည့် မူးယစ်စေတတ်သည့် အရာများ တင်ဆောင်လာလျှင်လည်း ”နတ်မကြိုက်ဘူးတို့ ဘာတို့ ပေါ့။ ကားမှောက် တတ်တယ်တို့” ဟု ပြောကာ တားမြစ်ကြလေ၏။
ဂျိုင်းမြစ်ကို ကူးလိုက်ပြီးသည်နှင့် ကျုံးဒိုးဘက်ကို ရောက်လာပြီ။ သူပုန်ဧရိယာထဲကို ရောက်လာပြီ။
လက်နက်ကိုင်ထားသည့် ရဲများ စစ်သားများကို ပိုတွေ့လာရပြီ။ စိတ်ထဲမှာ အန္တရာယ်ပိုရှိသည့် ဧရိယာထဲ ရောက်လာပြီလို့ ခံစားရ၏။ ဗမာစကားပြောသံထက် ကရင်စကားပြောသံကိုသာ ကြားရသည်က များ၏။ ကရင်ရိုးရာ အဝတ်အစားများ ဝတ်ထားသည့်သူများကိုသာ ပိုမို မြင်လာရတော၏။ ခြေတံရှည် အိမ်များ၏ အောက်တွင် ဝက်များ ကြက်များ နွားများကို တွေ့ရ၏။ အမည်းရောင် ဖြစ်သွားသည့်အတွက် အခြေအနေမှာလည်း အစစ အရာရာ သတိထားရသည့် အရပ်ကို ရောက်သွားပြီ ဖြစ်သည။ သာမညတောင်ထိတော့ အဖြူရောင် နယ်မြေဖြစ်သည်။
စုံဆင်း မတက် ဆိုသည်မှာ မြန်မာ ပြက္ခဒိန်နှင့် ကိုက်ပြီး ပြောခြင်း ဖြစ်၏။ စုံရက်မှာ မြဝတီမှ ဘားအံကို ကားများ ဆင်း လာကြသည်။ မြဝတီမှ ဒေါနတောင်ကို ကျော်ပြီး ကော့ကရိတ်ကို ဆင်းရတာမို့ အဆင်း လို့ ခေါ်ကြ၏။ မတက် ဆို တာက ကော့ကရိတ်ကနေ ဒေါနတောင်ကို တက်ရတာမို့ အတက်ဟု ခေါ်ကြခြင်း ဖြစ်၏။ ယင်းကားများနှင့် ပါလာ သော ခရီးသည်များသည် ရန်ကုန် ပဲခူးတို့ကို သွားဖို့ ဘားအံမှာလာပြီး ကားပြောင်းစီးကြရသည်။
အဆင်းကားများက ဘားအံသို့ အရောက်လာပြီး ကားပြောင်းပေးရ၏။ ပဲခူး ရန်ကုန် ဘက်သွားသည့် ကားများမှာ လည်း မြိုင်လေး တံတား မပိတ်ခင် အမီ မောင်းကြရသည်။ မြိုင်လေးတံတားကို ကျော်သွားပြီဆိုလျှင် ညလုံးပေါက် ဆက်မောင်းနိုင်သောကြောင့် ပဲခူးတို့ ရန်ကုန်တို့သို့ မိုးလင်းဘက်ကို အရောက် သွားနိုင်လေ၏။
အလားတူ မနက် စောစော တံတားဖွင့်လျှင် ဖွင့်ချင်း ဘားအံဘက်သို့ ကူးသွားသည့် ကားမှ ခရီးသည်များမှာလည်း မြ ဝတီကို ပြန်တက်မည့် ကားနှင့် အမီ လိုက်နိုင်ကြသည်။ ထို့ကြာင့် အတက်ကားနှင့် အဆင်းကားများ နှစ်ဘက် ချိတ် ဆက်ပြီး သွားကြလာကြ ရသည်။
အချိန်မီ မရောက်နိုင်လျှင် ဘားအံဘက်က တည်းခိုခန်းမှာ ဝင်အိပ်ကြရ၏။ ကားက တံတားထိပ်မှာ သွားစောင့် အိပ် တာမျိုးဆိုလျှင် တံတားထိပ်မှာရှိသည့် ထမင်းဆိုင်များက ချငှါးသည့် ပက်လက်ကုလားထိုင်များပေါ်တွေ အိပ်ကြရသည်။
ကော့ကရိတ်မြို့မှာ ကားကြီးဝင်း ရှိသည်။ ဒေါန တောင်ကို မတက်ခင် ခရီးသည်များ ထမင်စားကြရသည်။ ဤကား ဝင်း၌ အကြီးအကျယ် ရှာဖွေ ရေးလုပ်သည်။ ဤဂိတ်မှာတော့ လူကိုရှာတာ အဓိက မဟုတ်တော့။
ကုန်ပစ္စည်းတွေသာ အဓိက စစ်ဆေးခြင်း ဖြစ်၏။ သို့နှင့် တောင်ပေါ်ကို စတက်ပြီးနောက် ပထမဆုံး အောက်ဗိုလ်ကို တွေ့ရ၏။ ထို့နောက် အထက်ဗိုလ်တဲ အလယ်ဗိုလ်တဲ စသည်တို့ကို ကျော်ကာ သွားရသည်။
ဒါနတောင်ပေါ်၌ ကွေ့ကွေ့ကောက်ကောက် ဖောက်ထားသည့် လမ်း၏ ဘေးနားမှာ တောင်နံရံကြီးများနှင့် ကပ်နေသ လို အခြားတဘက်မှာ ချောက်ကမ္ဘားကြီးများကိုလည်း အသည်းယားစဖွယ် မြင်တွေ့ နေရလေ၏။ တံတောင်ဆစ်ချိုး တွေလို ကောက်ကွေးနေသည့် နေရာများကလည်း ကားများ မောင်းနှင် သွားလာနေကြလေသည်။ တကယ်လို့များ သွားရင်း လာရင်း ကိုယ့်ရှေ့က ကားတစ်စီး တစ်လေ ပျက်လို့ကတော့ လမ်းမှာ ချက်ချင်းပိတ်သွားတတ်သည်။ ထိုအခါမျိုးတွင် ဘာမှ မတတ်နိုင်ဘဲ ကားကို ထိုးရပ်ကာ စောင့်ကြရလေ၏။ ကုန်ကားများ ခရီးသည်တင်ကားကြီးများ ပျက်သည်ဆိုလို့ကတော့ ရွာလည်ပြီ။
ဒီမှာ ကောင်းတာတစ်ခုကတော့ ဆိုင်ကယ်ကယ်ရီတွေ ရှိခြင်း ဖြစ်သည်။ သူတို့က အတက်နေ့ရော အဆင်းနေ့ပါ တက်လို့ ဆင်းလို့ရ၏။ ထို့ကြောင့် အရင်လိုသူများသည် ကားထက် ပိုဈေးကြီးသော်လည်း ကားကြီးများကို မစောင့် ဘဲ ဆိုင်ကယ်နှင့် သွားလာတတ်ကြလေ၏။ မြဝတီ ကားကြီးဝင်းသို့ ရောက်သောအခါမှာလည်း ရှာဖွေရေး ထပ်လုပ် သည်။ လူရော ကုန်ပါ ရှာဖွေ စစ်ဆေးခြင်း ဖြစ်၏။
မြဝတီနှင့် မဲဆောက်ကို ဆက်သွယ် ဖောက်လုပ်ထားသည့် ထိုင်း မြန်မာ ချစ်ကြည်ရေး တံတား ရှိပေမဲ့ ထိုးဘက်ကမ်း သို့ အလုပ်သွားလုပ်သည့် မြန်မာများကား ယင်းတံတားမှ မည်သူမျှ မကူးကြပါ။ သူတို့မှာ တရားမဝင် သွားကြတာမို့ ခိုးဂိတ်များမှ လှေဖြင့်သာ ကူးကြလေ၏။ မိုးကုတ်ဂိတ်။ ကိုးသုံးလုံးဂိတ်တို့မှ ကူးကြသည်။ မိုးကုတ်ဂိတ်ဆိုတာက အ နားမှာ မိုးကုတ် ဘုန်းကြီးကျောင်း ရှိလို့ မိုးကုတ်ဂိတ်ဟု ခေါ်ကြဖြင်း ဖြစ်သည်။
မြဝတီကို ရောက်ဖို့ကလည်း လွယ်တာတော့ မဟုတ်။ ကရင် အမျိုးသား အစည်းအရုံး ( KNU) တပ်များနှင့် အစိုးရ စစတပ်များ မကြာခဏ ဒေါနတောင်တန်းရှိ မြဝတီ ကော့ကရိတ်လမ်း၌ တိုက်ပွဲများ ဖြစ်တတ်ကြသကဲ့သို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသားများ တပ်ဦး ( ABSDF) တပ်များနှင့် အခြားသော ကရင်တော်လှန်ရေးနယ်မြေ အခြေစိုက် တပ်များကလည်း ဤတစ်ဝိုက်မှာ ရှိကြသည်။ ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်လာပြီး မြန်မာအစိုးရ သြဇာခံ ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့များကလည်း ရှိသေးသောကြောင့် ခရီးသည်ကားများမှာ မသိနိုင် သော အန္တရာယ်များကြားတွင် စွန့်စားသွားလာနေကြခြင်း ဖြစ်သည်။
ယင်းသို့ လူငယ် လူရွယ်များ ထိုင်းဘက်သို့ လာလုပ်နေကြသည့် အကြောင်းရင်းမှာ စားဝတ်နေရေးအတွက် ဖြစ်၏။ မွန်ပြည်နယ် ကရင်ပြည်နယ် ရှမ်းပြည်နယ် ကယားပြည်နယ် ပဲခူးတိုင်း တနင်္သာရီတိုင်းတို့မှ လူငယ်လူရွယ်များအ တွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်သည့် နေရာ ထမင်းရှာစားသည့်နေရာ ဖြစ်နေသည်မှာ ကာလအတန် ကြာပေပြီ။ အ ချို့မှာ နယ်စပ်တင်မက ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်နှင့် အတွင်းပိုင်းမှ မြို့များသို့ထိ ကယ်ရီများနှင့် စွန့်စွန့်စားစား သွားရောက် လုပ်ကိုင်နေကြသည်။
စီးပွားရေးကျပ်တည်းမှု အာဏာရှင်များ၏ မတရား ဖိနှိပ်မှု မြေသိမ်းယာသိမ်းခံရမှုများကြောင့် ဆင်းရဲမွဲတေခြင်း ကပ် ဘေးကြီးက ဂုတ်ကို ခွစီးခံလာရသောအခါ ဘာ ဝင်ငွေမှ မရှိဘဲ နေနေရမဲ့အတူတူ မွေးရပ်မြေကို စွန့်ခွါပြီး တိုင်းတပါး ကို ထွက် အလုပ်လုပ်ကြခြင်း ဖြစ်၏။ ထိုသူများမှာ အထူးသဖြင့် တောသူ တောင်သား လယ်သမား သားသမီးများနှင့် မြို့ပေါ် ဆင်ခြေဖုံး ဆင်းရဲသား ရပ်ကွက်မှ လူငယ် လူရွယ်တွေက အများစု ဖြစ်လေသည်။
စက်ရုံဆိုတာက အမြဲတမ်း လူခေါ်နေသည်တေ့ မဟုတ်ပါ။ လူလိုမှ ခေါ်ဖြင်း ဖြစ်သည်။ ထို့ကြောင့် ရောက်ခါစမှာ သူသည် ချက်ချင်း အလုပရှာမရသဖြင့် ကြုံရာကျပန်း လုပ်ရသည်။ ပုလိပ်ခြံတွင် နေ့စားလည်း လုပ်ဖူး၏။ စပါး ကြိတ်စက်မှာလည်း လုပ်ဖူးသည်။
ထိုင်းလယ်သမား၏ တလင်းတွင် စပါးကို အိပ်ထဲထည့်သည့် အလုပ်လည်း လုပ်ခဲ့ဖူး၏။ ထိုင်းတွေက လယ်ကို စက်နှင့် ထွန်သည်။ ရိတ်သည်။ ခြွေသည်။ လှဲ့သည်။ သူတို့ စက်နှင့် ခြွေလှဲ့ထားသည့် စပါးများကို အိတ်များထဲသို့ ထည့်ပြီး စပါးကျီထဲ ထမ်းတည့်ပေးရသည်။
မြန်မာပြည်မှာ စီးပွားရေး အဆင်မပြေသောကြောင့် လူ့အရင်းအမြစ်များ အလျှံပယ် ပေါများနေသည်ကို သိနေကြ သည့် ထိုင်းသူဌေးများသည် မဲဆောက် မြို့အနီးတဝိုက်တွင် စက်ချုပ်ရုံကြီးများ သိုးမွှေးထိုး ရုံကြီးများ တည်ဆောက် ကာ မြန်မာပြည်မှ ဈေးပေါသည့် အလုပ်သမားမျေား၏ လုပ်အားဖြင့် စီးပွားရှာလေသည်။
မြဝတီ ကမ်းနဖူးမှာ သိုးမွှေးစက်ရုံကြီးများ ရှိကြသည်။ မြန်မာ အလုပ်သမားများက ထိုစက်ရုံများကို မိမိတို့ဘာသာ ပေးထားကြသည့် နာမည်များ ရှိသည်။ အမိုးနီ စက်ရုံ အမိုးစိမ်း စက်ရုံ သူဌေးမ စက်ရုံ သရဲခြောက်တဲ့စက်ရုံ စသဖြင့် နာမည်ပေးကာ ခေါ်ကြ၏။
သူ ထိုင်းဘက်ကမ်းကို မသွားခင် ရန်ကုန်မှာ ကျောင်းသား အရေးအခင်းတစ်ခု ဖြစ်ပွားသည်။ မန္တလေးတွင်လည်း မဟာမြတ်မုနိ ဘုရား ဗိုက် အဖောက်ခံရသည်ဟု ဆိုကာ အစိုးရနှင့် ရဟန်း သံဃာများ ပြဿနာ ဖြစ်ပွားသည်ဟု လည်း သတင်းကြားရသည်။ လိုဟာမျိုးတွေ ဖြစ်နေတယ်။ မူဆလင် ကုလား တစ်ယောက်က ဗမာမ တစ်ယောက်ကို မုဒိမ်းကျင့်လို့ ကုလား ဗမာ အဓိကရုဏ်း ဖြစ်ပွားသည် ဆိုသော သတင်းမျိုးကို ကြားရသည်။ ကောလာဟလလား သတင်းလား ဆိုသည်ကို ခွဲခြားခက်သည့် အသံများက ပွာစိတက်နေ၏။ လူအများက ဘီဘီစီ ဗွီအိုအေ ရေဒီယို သ တင်း ဌာနများက ထုတ်လွှင့်ချက်များကို အဓိက အားထား နားထောင်ကြသည်။
စီးပွားရေးကျပ်တည်း ဆင်းရဲသလို နိုင်ငံရေးအရလည်း မလှုပ်သာ မရုန်းသောအောင် တင်းကျပ်ထားလေ၏။ တစ်စုံ တစ်ယောက်၏ လက်ထဲမှာ ဗိုလ်ချုပ် အောင်ဆန်းပုံ တွေ့ရင်တောင် ဖမ်းဆီး နှိပ်စက်ခံကြရသည့် အခြေအနေ ဖြစ်၏။ အပြောအဆို အဆင်မပြေလျှင် ထောင်ပါ ကျသွားနိုင်သည်။ ဘီဘီစီ ဗွီအိုအေ အာရ်အက်ဖ်အေ သတင်းဌာနများကို လည်း ပေါ်တင် နားထောင်လျှင် အာဏာပိုင်များက ပြဿနာရှာက ဒုက္ခပေးမည်ကို စိုးရိမ်ရသောကြောင့် တိုးတိုးတိတ် တိတ်သာ နားထောင်ကြရသည်။ များသောအားဖြင့် တရုတ်မှ လာသော ရေဒီယို သေးသေးကလေးများကို နားကျပ်နှင့် နားထောင်ကြလေသည်။ အခြေအနေ တော်တော်ဆိုး၏။ စစ်အစိုးရကား ငြိမ်ဝပ် ပိပြားရေးကို ဇောင်းပေး အုပ်ချုပ်နေ သောကြောင့် နိုင်ငံရေးအရ ဘက်ပြိုင် အံတုလာနိုင်မည့်အရာ မှန်သမျှ ရေဒီယို သတင်းနားထောင်သည်ကအစ ပြဿနာ ရှာနေခြင်း ဖြစ်သည်။
ဌေးဝင်း
အပိုင်း (၂) ဆက်လက်ဖော်ပြပါမည် ….