မော်လမြိုင် စက်တင်ဘာ ၄
စစ်တပ် အာဏာသိမ်းမှုနဲ့ ကိုဗစ်တတိယလှိုင်းသက်ရောက်မှုကြောင့် အခြေခံလူတန်းစားတွေ စားရေးသောက်ရေး ပိုမိုခက်ခဲလာကြပါတယ်။
အခြေခံလူတန်းစာတွေဟာ ကုန်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ အလုပ်အကိုင် မရှိတာ၊ ဝင်ငွေ မရှိကြလို့ မိသားစု စားရေးသောက်ရေးအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြတာပါ။
“အရင်က ပုံမှန်အချိန်ဆိုရင် တစ်ရက်ကို (၈၀၀၀) ကျပ်၊ (၁၀၀၀၀) ကျပ်လောက်က ပုံမှန်လေးရတယ်။ အခုက တစ်ရက်ကို (၁၀၀၀) ရဖို့တောင်မလွယ်တော့ဘူး။ အခက်အခဲ တော်တော်ဖြစ်နေပြီး၊ဘာဆက်ဖြစ်မလဲ မသိတော့ဘူး” လို့မော်လမြိုင်မြို့က ဆိုင်ကယ် Taxi သမားတစ်ဦးက ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် မွန်ပြည်နယ်အတွင်းက စျေးတွေကို ဆေးနဲ့စားသောက်ကုန်လောက်သာ ရောင်းချခွင့်ပြုထားပါတယ်။
အဲ့ဒီအတွက်ကြောင့်လည်း စျေးတွေကို အမှီပြုပြီး အလုပ်လုပ်နေကြသူတွေအတွက်က အလုပ်အကိုင်အခွင့်အလမ်း မရှိတော့သလို၊ စားရေးသောက်ရေးအတွက်ကလည်း အခက်အခဲတွေဖြစ်နေပါတယ်။
တချို့လည်း စားရေးသောက်ရေးအခက်အခဲတွေရှိလာတဲ့အတွက်ကို အလှူရှင်တွေ၊ ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေထံကို အကူအညီတောင်းခံတာမျိုးတွေအထိရှိလာပါတယ်။
“ကျွန်တော်တို့ဆီကို နေ့စဉ်ပေါ့လေ။ စားရေးသောက်ရေးအတွက် အကူအညီတွေတောင်းခံတာမျိုးရှိပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက်လေး၊ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ နေ့စဉ်ကို ဒီအခြေခံလက်လုပ်လက်စားပြည်သူတွေကို ဆန်၊ ဆီ၊ ကြက်သွန် အစရှိသည်ဖြင့်ပေါ့လေ။ လှူဒါန်းပေးနေပါတယ်” လို့မော်လမြိုင်မြို့က ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။
ဒါ့အပြင် ပြည်နယ်အတွင်းက စီမံကိန်းနဲ့ဆောက်လုပ်ရေးလုပ်ငန်းအများအပြားလည်း ရပ်ဆိုင်းထားတဲ့အတွက်ကြောင့် နေ့စားအလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်နေရတဲ့ ဖြစ်စဉ်များတွေလည်းရှိနေပါတယ်။
တဖက်မှာတော့ အခြေခံလူတန်းစာတွေဟာ စစ်ကောင်စီရဲ့ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် နေအိမ်အပြင်ထွက်ဖို့ပင် အခက်အခဲ ရှိနေကြပါတယ်။
သတင်း-သံလွင်တိုင်းမ်