မော်လမြိုင်၊စက်တင်ဘာ ၄
မော်လမြိုင်မြို့နယ်အတွင်းက အခြေခံပညာကျောင်းတွေနဲ့ ရုံးတွေကို စီမံအုပ်ချုပ်ဖို့နဲ့ ပညာရေးဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် မော်လမြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့(ယာယီ) ကို ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
ဒီအဖွဲ့ကို စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ CDM ပညာရေးဝန်ထမ်း ကိုယ်စားလှယ်တွေ၊ ရုံးဝန်ထမ်းကိုယ်စားလှယ်တွေ၊ ကျောင်းသား/သူ ကိုယ်စားလှယ်တွေနဲ့ မိဘကိုယ်စားလှယ် အပါအဝင် စုစုပေါင်းအဖွဲ့ဝင် (၂၂) ဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီပညာရေးဘုတ်အဖွဲ့ဟာ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ (NUG) ပညာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အရ ဖွဲ့စည်းထားတာဖြစ်ပြီး တော်လှန်ရေးကာလအတွင်း NUG အစိုးရရဲ့ ကြားကာလပညာရေးအစီအစဉ်ကို ပြည်သူနဲ့ ညှိနှိုင်းအကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် CDM ပညာရေးဝန်ထမ်းတွေရဲ့ ရာထူးအခွင့်အရေးတွေကို နစ်နာဆုံးရှုံးမှု မရှိအောင်ဆောင်ရွက်ဖို့နဲ့ ကျောင်းသားတွေအတွက် ပညာရေးအခွင့်အလမ်း မဆုံးရှုံးအောင်ဆောင်ရွက်ဖို့ စတဲ့ အချက် ၅ ချက်ကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
လက်ရှိ စစ်ကောင်စီက CDM ပညာရေးဝန်ထမ်းတွေအပေါ် ဖိအားပေးတာ၊ ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေသလို CDM ဝန်ထမ်းတွေကို ထောက်ပံ့မှု လုပ်ဆောင်ပေးနေတဲ့ သူတွေကိုလည်း ဖမ်းဆီး ထောင်ချတာတွေ ပြုလုပ်နေပါတယ်။
သတင်း- သံလွင်တိုင်းမ်