ကျိုက်ထို ၊ သြဂုတ် ၁၉
စစ်ကောင်စီ ခန့်အပ်ထားတဲ့ ကျိုက်ထို ကင်းပွန်ချောင်းကျေးရွာက ရာအိမ်မှူး သြဂုတ်လ (၁၈)ရက် မွန်းလွဲပိုင်းမှာ သေနတ်နှင့် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။
သေနတ်နှင့် ပစ်သတ်ခံရသူ ရာအိမ်မှူး ဦးဟန်ထွန်းဟာ နေအိမ်မှာရှိနေစဥ် သေနတ်သမား လေးဦးက ဆိုင်ကယ်နှင့် လာရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဦးဟန်ထွန်းဟာ သေနတ်နှင့် (၇)ချက်ခန့် ပစ်ခံရလို့ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အလားတူပင် ဇွန်လ (၁၄) ရက် ကလည်း ကင်မွန်းချောင်းကျေးရွာရှိ ကဒက်ချောင်းအတွင်းမှာ ပစ်ခတ်မှု တွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ တစ်ဦး သေဆုံးကာ (၃) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းမှာ ရေး နှင့် သထုံ မြို့နယ်တို့လည်း ဒလံ ရှင်းလင်းရေးအဖြစ် စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်နှင့်ပစ်ခတ် လုပ်ကြံခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်