မော်လမြိုင်၊ ဩဂုတ် ၁၉
မော်လမြိုင်မြို့အတွင်းရှိ အများပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်မယ့် CCTV တပ်ဆင်မှု စီမံကိန်းဟာ လာမယ့် စက်တင်ဘာလအတွင်း လုပ်ငန်း ပထမပိုင်း ပြီးစီးတော့မယ်လို့ သိရပါတယ်။
CCTV တပ်ဆင်မှု စီမံကိန်းရဲ့ လုပ်ငန်းစဉ်မှာ အပိုင်း ၃ ပိုင်း ပါဝင်ပြီး၊ အဲဒီအပိုင်း ၃ ပိုင်းမှာ CCTV ထိန်းချုပ်ရေး စင်တာ တည်ဆောက်တာ၊ ဖိုင်ဘာ ကေဘယ်ဆွဲတာ၊ကင်မရာ တပ်ဆင်တာတွေ ပါဝင်ပါတယ်။
လက်ရှိမှာ CCTV ထိန်းချုပ်ရေး စင်တာ တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီးဖြစ်သလို ဖိုင်ဘာ ကေဘယ်ဆွဲတဲ့ လုပ်ငန်းစဉ်ကတည်း ၅၀ ရာခိုင်နှုန်း ကျော် ပြီးစီးပြီးသွားပြီ ဖြစ်ပါတယ်။
ကင်မရာ တပ်ဆင်ရေး လုပ်ငန်းစဉ်အတွက် ကင်မရာတွေ ဝယ်ယူထားပြီး ဖြစ်သလို မကြာမီကာလအတွင်း မော်လမြိုင်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။
“အခုက ကင်မရာ တပ်ဖို့အတွက် တိုင်တွေ ထောင်နေတယ်၊ မြို့ရဲ့ အရေးကြီးတဲ့နေရာမှာတွေ ကင်မရာတပ်ဆင်သွားမယ်၊ လုပ်ငန်း ပထမပိုင်းကတော့ စက်တင်ဘာကုန်မှာအပြီး လုပ်ဆောင်နေတယ်”လို့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အများပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်မယ့် CCTV ထိန်းချုပ်ကို မော်လမြိုင်မြို့က ပြည်နယ် အစိုးရရုံးဝန်းအတွင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။
CCTV တပ်ဆင်မှု စီမံကိန်းရဲ့ ဒုတိယအပိုင်း နဲ့ တတိယအပိုင်းမှာတော့ လိုအပ်တဲ့ နေရာတွေမှာ ကင်မရာ ထပ်ဖြည့်တာတွေ ကေဘယ် ထပ်ဆွဲတာတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားပြီး အဲဒီလုပ်ငန်းစဉ်တွေကို နောက်ဘဏ္ဍာနှစ်မှာ အပြီးလုပ်ဆောင်သွားဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။
Safe City လို့ခေါ်တဲ့ စီမံကိန်းဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ အများပြည်သူ ပိုင်နေရာတွေမှာ CCTV တပ်ဆင်ပြီး လှုပ်ရှားသွားလားမှုကို စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပြီး NLD အစိုးရလက်ထက်က လုပ်ငန်းစဉ် အကောင်အထည်ဖို့ ဘတ်ဂျက်ထည့်သွင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
” ဒီစီမံကိန်းဟာ အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြသူတွေ နဲ့ တော်လှန်ရေး လုပ်သူတွေကို အဓိက ပြစ်မှတ် ထားဖို့ အမြန်လုပ်ဆောင် နေတာ ဖြစ်တယ်လို့ မြင်တယ်”လို့ မော်လမြိုင် ဒေသခံ တစ်ဦးက ပြောပါတယ်။
မော်လမြိုင်နည်းတူ ရန်ကုန်နဲ့ နေပြည်တော်တို့မှာလည်း ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ရန်ကုန်နဲ့နေပြည်တော်တို့မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေဟာဆိုရင် ကားနံပါတ်ပြားတွေကို ခြေရာခံနိုင်သလို ပြစ်မှုကျူးလွန်ဖူးသူရဲ့ ရာဇဝတ်မှုနောက်ခံအကြောင်းအရာတွေကိုပါ တိုက်ဆိုင် ကြည့်ရှုစစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။
မော်လမြိုင်မြို့မှာ ဆောင်ရွက်နေတဲ့ ဒီစီမံကိန်းကိုတော့ နောင်ရိုးကုမ္ပဏီနဲ့ FISCA ကုမ္ပဏီတို့က တင်ဒါရရှိထားတာ ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်