မော်လမြိုင်က KBZ Bank ဘဏ်ခွဲတခုမှာ မတ်လက ငွေထုတ်သူများ တန်းစီနေပုံ

မော်လမြိုင်၊ ဩဂုတ် ၁၉

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဘဏ်တွေ ပိတ်ထားဖို့ ညွှန်ကြားထားပြီး ပိတ်ရက်အတွင်း ဘဏ်တွေအနေနဲ့ ATM စက်တွေကို ငွေဖြည့်ပေးထားကြဖို့ ဩဂုတ် ၁၃ ရက်က ညွှန်ကြားထားပါတယ်။

ဗဟိုဘဏ်က ATM စက်တွေမှာ ငွေဖြည့်ပေးဖို့ ညွှန်ကြားထားပေမယ့် မွန်ပြည်နယ်အတွင်းက ATM စက် အားလုံးနီးပါးမှာ ငွေဖြည့်ထားတာ မရှိပါဘူး။

“မဖြည့်နိုင်တာက လက်ကျန်ငွေနဲ့ မူတည်တယ်၊ ဘဏ်တွေမှာလည်း ငွေမရှိတော့ဘူး၊ အစကတည်းက စက်မှာ မဖြည့်တာကြာပြီလေ ဒီအတိုင်းပဲ လွှတ်ထားတဲ့ သဘောမျိုးပေါ့” လို့ ဘဏ်ဝန်ထမ်း တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘဏ်တွေက စစ်တပ် အာဏာသိမ်းပြီးနောက် ဇွန်လလကစပြီး ATM စက်တွေမှာ ငွေဖြည့်သွင်းခြင်း မရှိတော့ဘူးလို့ သိရပါတယ်။

အခုအခါ ပြည်သူတွေဟာ ဘဏ်တွေမှာ ငွေထုတ်ဖို့ ခက်ခဲတာ၊ ATM စက်တွေ ငွေမဖြည့်တော့တဲ့အတွက်ကြောင့် မြန်မာငွေကြေးကို မှောင်ခိုငွေကြေး ဈေးကွက်မှာ ရာခိုင်နှုန်းပေးပြီး လဲလှယ်နေရပါတယ်။

“အခုက ATM တွေကို ငွေထုတ်မရတာ လနဲ့ချီပြီး၊ ဘဏ်စနစ်တွေကလည်း မကောင်းတော့ တော်တော်ဒုက္ခရောက်ကျတယ်၊ ဒီအတိုင်းဆိုရင် ဘာမှလုပ်လို့ရတော့မှာ မဟုတ်ဘူး”လို့ မော်လမြိုင်ဒေသခံ ပြည်သူ တစ်ဦးက ဆိုပါတယ်။

တဖက်မှာတော့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းရှင်အများစု လုပ်ငန်း လုပ်လို့ မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

“တစ်လမှ သိန်း ၃၀ ပဲ ဆိုတော့ ဘယ်လိုမှ လည်လို့မရဘူး အရင်က တစ်ရက်ကို သိန်း ၁၀၀ လောက်လည်ပတ်နေတာ၊ ငွေလွဲ ငွေထုတ် လုပ်တာကလည်း မလွယ်ဘူး” လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ငွေထုတ်သူတွေကို အလှည့်ကျ တန်းစီစနစ်ဖြင့် ဘဏ်တွေက ငွေထုတ်ပေးခဲ့ပြီး၊ လက်ရှိမှာ Covid တတိယလှိုင်းကြောင့် လူစုလူဝေး မဖြစ်အောင် ဖုန်းဆက် တုံကင်ယူတဲ့ စနစ်နဲ့ ငွေထုတ်ပေးနေတာ ဖြစ်ပါတယ်။

ငွေထုတ်ယူရာမှာ အရင်က ဘဏ်စာအုပ် တစ်အုပ်ကို တစ်ပတ် ကျပ် သိန်း ၂၀ ထုတ်ပေးရာကနေ ကျပ် ၁၀ သိန်း ၊ ကျပ် ၅ သိန်းထိ လျော့ချခဲ့သလို လက်ရှိ ဇွန်လကစပြီး ဘဏ်တစ်အုပ် တစ်အုပ်ကို တစ်ပတ် ကျပ် ၃ သိန်း ၊ လုပ်ငန်းရှင်တွေကိုတော့ တစ်လ ကျပ် ၃၀ သိန်း ငွေထုတ်ပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေဟာ မှောင်ခိုငွေကြေး ဈေးကွက်မှာ မြန်မာငွေကို ၅ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းထိ ပေးပြီး လဲလှယ်သုံးစွဲနေရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.