မော်လမြိုင် ၊ ဩဂုတ် ၁၉
ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ အာဏာသိမ်း စစ်ကောင်စီက ရုံးပိတ်ရက်ရှည် ကြေညာထားတဲ့အတွက်ကြောင့် တရားရုံးတွေမှာ အမှု စစ်ဆေးနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
အခုအခါ ရုံးပိတ်ရက်ရှည် ကြေညာထားလို့ တရားရုံးတွေမှာ အမှုမစစ်ဘဲ ရုံးချိန်းပေးပြီး အမှုစစ်ဆေးမယ့် နေ့ရက်တွေ ရွှေ့ဆိုင်းနေတာ ဖြစ်ပါတယ်။
အမှုစစ်ဆေးနိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ပုဒ်မ ၅၀၅(က) နဲ့ မတရားဖမ်းဆီး တရားစွဲဆိုခံထားရသူတွေအတွက် အများကြီး နစ်နာတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
“အခု (၅၀၅)က တွေကို လုံးဝမစစ်နေဘူး၊ မစစ်တဲ့အတွက် ရက်ရှည်နေရတဲ့ အခက်အခဲ ရှိတယ်၊ ထောင်ဝင်စာ တွေ့ခွင့်မရဘူးပေါ့၊ တခြား အမှုရုပ်သိမ်းတာတယ်၊ သူတို့မပါတာဘူး၊ အများကြီး နစ်နာတယ်” လို့ ရှေ့နေ တစ်ဦးက ဆိုပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) တရားစွဲဆိုခံထားရသူတွေဟာ ပြစ်မှုကျုးလွန်သူတွေ မဟုတ်ဘဲ တရားစွဲအဆင့်မှာပဲ အကျဉ်းထောင်တွေထဲမှာ ၅ လကျော်ကြာတဲ့ထိ မတရား ချုပ်နှောင် ခံထားရတာအပြင် ထောင်ဝင်စာ တွေ့ခွင့်မရတဲ့အတွက်ကြောင့် အခွင့်အရေး ဆုံးရှုံးနေတာ ဖြစ်ပါတယ်။
“အခုက မတရား ဖမ်းဆီး ချုပ်နှောင်ထားပြီး တရားရုံးက အမိန့်မချဘဲ အခုရုံးပိတ် ထားတယ်ဆိုတော့ ကြာနေတာပေါ့၊ သူတို့က ရက်တွေ ဆွဲထားတယ်၊ မြန်မြန်စစ်ပြီး မြန်မြန် ပြန်လွတ် စေချင်တယ်”လို့ ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီး ခံထားရသူ တစ်ဦးရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
ဒါအပြင် ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံထားရသူတွေဟာ အာဏာသိမ်း စစ်ကောင်စီက ပြန်လွှတ်ပေးမယ့် ပြစ်မှုဆိုင်ရာ အမှုတွေထဲမှာ ပါဝင်ခြင်း မရှိပါဘူး။
မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒဖော်ထုတ်ခဲ့တဲ့လို့ ပြည်သူ ၄၀၀ ကျော် မတရား ဖမ်းဆီးချုပ်နှောင်ခဲ့ထားရပြီး အဲဒီထဲမှာ ပြည်သူ ၂၇ ဦးကိုသာ အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်