CDM မှာပါဝင်လို့ စစ်အုပ်စုရဲ့ ဖိအားပေး ခံခဲ့ရတဲ့ မီးရထားဝန်ထမ်းတစ်ဦး ( ဓာတ်ပုံ - mawlamyine's voice)

“အကို့ သားအငယ်က ပြောတယ်။ သူလည်း အဖေလိူလူမျိုးအဖြစ် ရှင်သန်ချင်တယ်တဲ့။ သူ ကြိုးစားမယ်တဲ့ အဖေတူသားဖြစ်အောင် အဲဒါကြောင့် အကို့ဆုံးဖြတ်ချက်မမှားဘူး။ CDM လုပ်ခဲ့တာ အကိုနောင်တမရဘူး”

မနက်ခင်း မိုးလင်းတာနဲ့ အိမ်နီးချင်းတွေရဲ့ နှုတ်ဆက်သံ ၊ ကလေးတွေရဲ့ ပြေးလွှားဆော့ကစားသံတွေနဲ့ စည်ကားနေတတ်တဲ့ မော်လမြိုင်မြို့က မုပွန်မီးရထားဝန်ထမ်းအိမ်ယာက တိတ်ဆိတ်ခြောက်ကပ်သွားပါပြီ။

ခြံမခတ်ထားတဲ့ မုပွန်မီးရထားဝန်ထမ်းအိမ်ယာမှာ မော်လမြိုင်မြို့က မီးရထားဝန်ထမ်းတွေ နေထိုင်ကြတာဖြစ်ပြီး အိမ်ထောင်စု (၁၅)စုထက်မနည်း စုပေါင်းနေထိုင်ကြတာ ဖြစ်ပါတယ်။

မုပွန်မီးရထားလိုင်းခန်းအတွင်း နေထိုင်ကြသည့် မိသားစုများ ( ဓာတ်ပုံ- mawlamyine’s voice )

ဒီအိမ်ယာမှာနေထိုင်တဲ့ မီးရထားဝန်ထမ်းတွေဟာ စစ်ကောင်စီအပေါ် အာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM မှာ ပါဝင်ပြီး စစ်အာဏာရှင်ကို တက်တက်ကြွကြွ ဆန့်ကျင်နေသူတွေ ဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ မီးရထားဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုကျော်ထွန်း ( အမည်လွှဲ) လည်း ပါဝင်ပါတယ်။

ကိုကျော်ထွန်းက (၁၅)နှစ် လုပ်သက်ရှိတဲ့ မီးရထားဝန်ထမ်းတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းချိန်မှာ မိမိတာဝန်တွေကို မထမ်းဆောင်ဘဲ CDM မှာ ပါဝင်ကာ စစ်တပ်အာဏာကို ဖီဆန်ခဲ့သူ ဖြစ်ပါတယ်။

အဲ့ဒီလို ဆန့်ကျင်ခဲ့လို့ ကိုကျော်ထွန်းတို့ မိသားစုတွေ အပါအဝင် CDM လုပ်တဲ့ မော်လမြိုင်က မီးရထားဝန်ထမ်းတွေကို စစ်အုပ်စုက ဖိအားပေး ခြိမ်းခြောက်ခဲ့ပြီး ဝန်ထမ်းအိမ်ယာကနေ မတ်လ (၂၂)ရက်နေ့မှာ အတင်းအဓမ္မရွှေ့ပြောင်းစေခဲ့ပါတယ်။

“ကျွန်တော်တို့ မိသားစု ဒီမှာနေတာ ကျွန်တော့်သားတစ်သက်ပေါ့။ သူ့ကို ဒီမှာမွေးတယ် သူတောင် အသက် ၁၈နှစ် ကျော်ပြီလေ။ ကျွန်တော်တို့အိမ်လိုပဲ ဖြစ်နေတာပေါ့။ ရုတ်တရက်ကြီး ဖယ်ခိုင်းတော့ မိသားစုတွေ အခြေပျက်ကုန်တာပေါ့”လို့ ပြောပါတယ်။

CDM မှာပါဝင်တဲ့ မီးရထားဝန်ထမ်းတွေကို စစ်အုပ်စုက ဖိအားပေးပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှာ ဖိအားပေးပြီး နေအိမ်ကနေ အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့ပါတယ်။ ( ဓာတ်ပုံ – mawlamyine’s voice)

ဝန်ထမ်းအိမ်ယာကနေ ပြောင်းရွှေ့ပြီးတဲ့နောက် နေစရာအိမ်မရှိတဲ့အတွက် ကိုကျော်ထွန်းတို့ မိသားစုဟာ မိတ်ဆွေတစ်ယောက်ရဲ့ အိမ်မှာ ယာယီကပ်နေခဲ့ရပါတယ်။

ပုံမှန်ဆိုရင် မနက် ၆နာရီ နှင့် မနက် ၈နာရီ ရထားမထွက်မီ လက်မှတ်ရောင်းတာတွေ စစ်ဆေးတာတွေနဲ့ အလုပ်ရှုပ်နေတဲ့ ကိုကျော်ထွန်းဟာ အခုအချိန်မှာတော့ အလုပ်လက်မဲ့တစ်ယောက်လို ခံစားနေရပါတယ်။

 မိသားစုဝမ်ရေးကို ဖြေရှင်းဖို့ ရှိတဲ့ဆိုင်ကယ်လေးနှင့် တက်စီမောင်းနေရပြီး တချို့ရက်တွေဆို မိသားစုစားဖို့တောင် ဝင်ငွေ မရှိဘူးလို့ ကိုကျော်ထွန်းက ပြောပါတယ်။

ဒါပေမယ့် CDM လုပ်ခဲ့တာကို လုံးဝနောင်တမရဘဲ ပြည်သူ့ဝန်ထမ်းဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ တသားတည်းရပ်တည်ခဲ့ရတာကို ဂုဏ်ယူတယ်လို့ ကိုကျော်ထွန်းက ဂုဏ်ယူတဲ့အနေနဲ့ လေသံလေးမြင့်ပြီး အခုလို ပြောပြပါတယ်။

“အကိုတို့က ဝန်ထမ်း ပြည်သူဝန်ထမ်းဆိုပြီး ပြည်သူတွေနဲ့ တသားတည်းရပ်မယ်။ ပြည်သူတင်တဲ့ အစိုးရကိုပဲ လက်ခံမယ်။ အကို CDM လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်အတွက် နောင်တရလားဆိုရင် မရပါဘူး။ အကိုက ကျလူ သေဖို့ပဲရှိတော့တယ်။ အကို သားတွေက တက်လူ။ သူတို့ရဲ့ အနာဂတ်ကို အမှောင်ခေတ်ထဲ မရောက်စေချင်ဘူး”လို့ ဆိုပါတယ်။

ဘဝပျက်ခံပြီး စစ်တပ်ကို ဆန့်ကျင်ခဲ့တဲ့ ကိုကျော်ထွန်းကတော့ အိမ်လခ အဆင်ပြေဖို့နဲ့ မိသားစု စားဝတ်နေရေး ချောင်လည်ဖို့အတွက် သူ့ရဲ့ ဇာတိကို ပြန်ဖို့ ဆုံးဖြတ်ထားပါတယ်။

CDM မှာ ပါဝင်ပြီး စစ်တပ်ကို ဆန့်ကျင်ခဲ့လို့ စားဝတ်နေရေး ကြပ်တည်းခဲ့ပေမယ့် ကိုကျော်ထွန်းရဲ့ မိသားစုတွေက သူ့ကို မငြိုငြင်ဘဲ CDM မှာ ပါဝင်ပေးလို့ ဂုဏ်ယူနေကြပါတယ်။

“အကို့ သားအငယ်က ပြောတယ်။ သူလည်း အဖေလိူလူမျိုးအဖြစ် ရှင်သန်ချင်တယ်တဲ့။ သူ ကြိုးစားမယ်တဲ့ အဖေတူသားဖြစ်အောင် အဲဒါကြောင့် အကို့ဆုံးဖြတ်ချက်မမှားဘူး။ CDM လုပ်ခဲ့တာ အကိုနောင်တမရဘူး”လို့ ကိုကျော်ထွန်းက ပြောပါတယ်။

ကိုကျော်ထွန်းလိုပဲ မြန်မာနိုင်ငံက ထောင်နဲ့ချီတဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေဟာ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး စစ်တပ်ကို ဆန့်ကျင်နေကြပါတယ်။

CDM မှာပါဝင်လို့ စစ်အုစ်စုရဲ့ ဖိအားပေးခံရတဲ့ မီးရထားဝန်ထမ်းတစ်ဦး ( ဓာတ်ပုံ- mawlamyine’s voice)

စစ်တပ်အာဏာသိမ်းထားတဲ့ ကာလအတွင်း အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံတဝှမ်းမှာ ကျဆုံးခဲ့သူ (၆၀၀) နီးပါးရှိပြီး အဖမ်းခံရသူက ထောင်ကျော်ရှိနေပါတယ်။

ကျဆုံးသူတွေထဲမှာ သာမန်အရပ်သားတွေလည်း ပါဝင်ပြီး အသက်(၁၈)နှစ် မပြည့်သေးတဲ့ ကလေးတွေက တစ်ဒါဇင်လောက် ပါဝင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.