မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၃)

အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်/မဝင် ဆုံးဖြတ်ချက်ချမယ့် ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ရက်ရွှေ့လိုက်တယ်လို့ မွန်ညီညွတ်ရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ ဗဟိုအလုပ်အမှုဆောင် အများစု ဆုံးဖြတ်ပြီးနောက် ဝေဖန်မှုတွေ ရှိခဲ့လို့ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ဒီကိစ္စကို ပြန်လည်ဆုံးဖြတ်သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် လက်ရှိနိုင်ငံရေး အခင်းအကျင်းတွေအရ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ပါတီဗဟိုကော်မတီဝင်တွေက ပြောပါတယ်။

“ဒီနေ့လုပ်မယ်လို့ ပြောထားတဲ့ ပါတီဗဟိုကော်တီအစည်းအဝေးက မလုပ်ဖြစ်ဘူး ဥက္ကဌအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ရက်ရွှေ့လိုက်တယ်လို့တော့ပြောတယ် ဒါပေမယ့် ဘယ်နေ့ လုပ်မလဲဆိုတာကိုတော့ မပြောထားသေးဘူး” လို့ ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် နိုင်စိုးမြင့်က ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ ဖေဖော်ဝါရီလ (၆)ရက်နေ့မှာ ပါတီဗဟိုအလုပ်အမှုဆောင် အများစုက ကနဦး ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို လက်မခံလို့ ပါတီကနေ နှုတ်ထွက်သွားသူတွေ ရှိနေသလို လူထုအကြားမှာလည်း ဝေဖန်မှုတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

မွန်ညီညွတ်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ နိုင်ငံရေး အတွေ့အကြုံတွေအရ ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းကို လျှောက်မယ်ဆိုရင် အသက်သွေးကြောင်းစီးတဲ့ ဖြစ်ရပ်တွေ ရှိနိုင်တာကြောင့် တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တာလို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.