မော်လမြိုင် ၊ ဖေဖော်ဝါရီ (၈)

အာဏာသိမ်း စစ်အစိုးရယန္တရားမှာ ပါဝင်ဖို့ မွန်ညီညွတ်ရေးပါတီက လက်ခံခဲ့ပြီးနောက် မွန်လူထုက ပြစ်တင်ဝေဖန် ရှုတ်ချနေသလို ပါတီအတွင်းမှာလဲ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။

စစ်အစိုးရက ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာပါဝင်ဖို့ တပ်မတော်က မွန်ညီညွတ်ရေးပါတီကို ကမ်းလှမ်းခဲ့တာပါ။

ဒီကမ်းလှမ်းချက်အပေါ် ဖေဖော်ဝါရီလ (၆)ရက်နေ့မှာ မွန်ညီညွတ်ရေးပါတီက ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးခေါ်ယူပြီးနောက်  လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အခုလို လက်ခံလိုက်တဲ့အတွက် မွန်လူထုအကြားမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီး မွန်ညီညွတ်ရေး ပါတီအပေါ် ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။

“ဒီလုပ်ရပ်ကို မထောက်ခံဘူး။ ကျွန်တော်တို့ မဲဆန္ဒရှင်ပြည်သူတွေကို စော်ကားတာနဲ့တူတယ်။ မွန်ပြည်သူလူထုဘက်က ရပ်တည်ပြီးတော့မှ ပြည်သူ့အသံကို ကြားအောင်လုပ်မယ်ဆိုပြီးတော့မှ အခုလို စစ်တပ်နဲ့ လက်တွဲလိုက်တဲ့အပေါ် ကျွန်တော်တို့ ဘယ်လိုမှ လက်မခံနိုင်ဘူး”လို့ မွန်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ မင်းဟံတလမွန်က ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ နိုင်ငံရေး အတွေ့အကြုံတွေအရ ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းကို လျှောက်မယ်ဆိုရင် အသက်သွေးကြောင်းစီးတဲ့ ဖြစ်ရပ်တွေ ရှိနိုင်တာကြောင့် တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

“နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်မယ်လို့ ယုံကြည်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေးထားချက်တွေထဲက တိုင်းရင်းသား အခွင့်အရေးတွေကို ဖော်ထုတ်ပြီးတော့ ခံစားရရှိနိုင်မယ်။ပြည်သူတွေ သွေးကြောင်းစီးရမယ့် ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းကို ရှောင်လွှဲပြီးတော့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို သွားချင်လို့ ပူးပေါင်းတာပါ”လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောပါတယ်။

ဒါပေမယ့် ဒီဆုံးဖြတ်ချက်ဟာ ပါတီဝင်အားလုံးရဲ့ သဘောမထားဘဲ ဗဟိုအလုပ်အမှုဆောင် ပုဂ္ဂိုလ်အများစုရဲ့ သဘောထားသာ ဖြစ်တယ်လို့  မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။

“အမှန်က သူပြောသင့်တာက စီအီးစီ အများစု ဆန္ဒနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောရင် မမှားဘူးပေါ့။ အခုဟာက စီအီးစီအားလုံးရဲ့ သဘောနဲ့ ဆုံးဖြတ်ခဲ့တယ်ဆိုတော့ မဟုတ်သေးဘူးလို့ ကျွန်တော်မြင်တယ်။ လက်မခံတဲ့ ၁၀ယောက်လောက်တော့ ရှိတယ်။ ကျွန်​ေတာ်တို့ လက်မခံတဲ့ဘက်ကနေ ဆွေးနွေးခဲ့ကြတယ်”လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီအတွင်းမှာလဲ သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး အချို့ကိုယ်စားလှယ်တွေက လက်မခံနိုင်လို့ ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ခဲ့ကြပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို တာဝန်ခံစေဖို့အတွက် ဗဟိုကော်မတီဝင် အစည်းအဝေး ခေါ်ယူဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပြီး ဒီအစည်းအဝေးခေါ်ယူရင်တော့ ပါတီအတွင်း ငြိမ်သက်လာနိုင်တယ်လို့ မွန်ပါတီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လတ်တလောမှာတော့ မွန်ညီညွတ်ရေးပါတီရဲ့ ဆုံးဖြတ်ချက်အပေါ် လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေက ဆက်တိုက်မြင့်တက်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.