မော်လမြိုင် ၊ ဇန်နဝါရီ (၂၆)

လယ်ယာစိုက်ပျိုးရေး ပြုပြင်ပြောင်းလဲမှုများအတွက် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် အဓိက လမ်းမကြီးကို ပိတ်ဆို့ကာ ဆန့်ကျင်ဆန္ဒပြနေတဲ့ သောင်းနှင့်ချီတဲ့လယ်သမားတွေဟာ အိန္ဒိယ သမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားမတိုင်မီ မြို့တော်သို့ လယ်ထွန်စက် ယာဉ်တန်းများဖြင့် ယမန်နေ့က  ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

အိန္ဒိယသမ္မတနိုင်ငံအဖြစ်သတ်မှတ်ခဲ့တဲ့ အထိမ်းအမှတ်နေ့အဖြစ် သမိုင်းဝင် မြို့လယ်ခေါင်မှာ စစ်ရေးချီတက်ပွဲတစ်ခု ယနေ့မှာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီရဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုနေတဲ့ လယ်သမားတွေဟာ သူတို့ရဲ့ အင်အားကို ငြိမ်းချမ်းစွာ ပြသရန် စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

“မိုဒီကို သူဘယ်တော့မှ မမေ့နိုင်မယ့် သင်ခန်းစာ ကျနော်တို့ သင်ပေးမှာ ဖြစ်တယ်”  ဆိုပြီး ပွန်ဂျပ်ရှိ လုဒ်ဒီဟီနာ ခရိုင်မှ စိုက်ပျိုးမြေ ၁၀ ဧက (၄ ဟက်တာ) ပိုင်ဆိုင်တဲ့ အသက် ၃၅ နှစ်အရွယ်ရှိ အမည်မဖော်လိုသူ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

စားနပ်ရိက္ခာများ အကြီးအကျယ် ထုတ်လုပ်ဖြန့်ဖြူးပေးရာ ဒေသ ပွန်ဂျပ်ပြည်နယ်မှ အဓိကအားဖြင့် လယ်သမားတွေဟာ နယူးဒေလီသို့ ချဉ်းကပ်၍ သူတို့ရဲ့ စားဝတ်နေရေးကို ထိခိုက်မှုရှိနေပြီး ကုမ္ပဏီကြီးများကို အကူအညီပေးနေတဲ့ လယ်ယာမြေ ဥပဒေသစ် (၃) ခုကို  လမ်းပိတ်ဆို့ခြင်းနည်းဖြင့် ဆန့်ကျင်ဆန္ဒပြနေတာဆိုရင် ၂ လ ဝန်းကျင်ခန့် ရှိနေပြီ ဖြစ်ပါတယ်။

လယ်သမားတွေရဲ့ ဝင်ငွေ တိုးမြှင့်ရေးအတွက် လိုအပ်သော အဆင့်များကို ဆောင်ရွက်ပေးမည် ဆိုသည့် စီမံချက်ကို ဆိုင်းငံ့ထားရေး အစိုးရအဆိုပြုချက်ကို  ပယ်ချပြီးနောက် သူတို့ရဲ့ အလုပ်သမားသမဂ္ဂတွေဟာ ဥပဒေတွေကို ပယ်ဖျက်ရန် တွန်းအားပေးနေတာ ဖြစ်ပါတယ်။

မိုဒီအစိုးရနှင့် ဆွေးနွေးမှုတွေဟာ တိုးတက်မှု အနည်းငယ်သာရှိခဲ့ပြီး ဆန္ဒပြသူတွေဟာ အင်္ဂါနေ့ စစ်ရေးချီတက်ပွဲနောက်သို့ လိုက်လံ စီတန်းလှည့်လည်ခြင်းဖြင့် ဆန္ဒပြမှု အရှိန်မြှင့်တင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ ၁၉၅၀ ဖွဲ့စည်းပုံအခြေခံဥပဒေအား စတင်ကျင့်သုံးသည့် အထိမ်းအမှတ်ကျင်းပတဲ့ နှစ်ပတ်လည် ထိပ်တန်းလုံခြုံရေးစစ်ချီတက်ပွဲကို အိန္ဒိယထိပ်တန်းခေါင်းဆောင်များနှင့် စစ်ဘက်အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။

လယ်သမားတွေ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမှုကို နှောင့်ယှက်ရန် အားထုတ်မှုရှိနိုင်မည်ဆိုတဲ့ ထောက်လှမ်းရေး သတိပေးချက်တွေ ရှိနေသော်လည်း အိန္ဒိယရဲတွေဟာ အနည်းဆုံး လယ်ထွန်စက် ၁၂၀၀၀ ကို မြို့တော်ပတ်လည် ကီလိုမီတာ ၁၀၀ အကွာအဝေးကို ဖြတ်ကျော်ရန် ခွင့်ပြုမှာ ဖြစ်တယ်လို့ ဟုပြောကြားခဲ့သည်။

“ ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်က ဒေလီကို သိမ်းပိုက်ဖို့မဟုတ်ဘူး၊ ဒီနိုင်ငံသားတွေရဲ့ နှလုံးသားကို လွှမ်းမိုးနိုင်ဖို့ပဲဆိုတာ သတိရပါ” ဆိုပြီး လယ်သမားအုပ်စုဟာ အင်္ဂါနေ့ဖြစ်ရပ်အတွက် အကြမ်းဖက်မှုကိုရှောင်ကြဉ်ရန် အသေးစိတ်ညွှန်ကြားချက်တွေနဲ့ အဖွဲ့ဝင်များကိုတိုက်တွန်းခဲ့ပါတယ်။

မဟရပ်ဒရာ ရဲ့ အနောက်ဘက်အပိုင်း ပြည်နယ်မှာ ထောင်ပေါင်းများစွာတဲ့ လယ်သမားတွေဟာလည်း အိန္ဒိယရဲ့ စီးပွားရေးမြို့တော် မွန်ဘိုင်းရှိ အလံလွှင့်ထူခြင်းအခမ်းအနားသို့ စုရုံးရောက်ရှိလာကြပြီး ၎င်းပြည်နယ်မှ ဆန္ဒပြခေါင်းဆောင် မှ ” ကျနော်တို့ဟာ ဒေလီမှာရှိတဲ့လယ်သမားတွေကို ထောက်ခံဖို့ ဒီမှာရှိနေတာ ဖြစ်ပါတယ်၊ ပြီးတော့ နိုင်ငံတစ်ဝှမ်းက လယ်သမားတွေဟာ လယ်ယာမြေဥပဒေကို ဆန့်ကျင်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာ ဖြစ်တယ်လို့ ” ပြောကြားခဲ့ပါတယ်။

မင်းဟံတလမွန်

REF – CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.