မော်လမြိုင် ၊ ဇန်နဝါရီ (၂၆)

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် မွန်ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းတွေ ပို့ချပေးနေပါပြီး။

အိန္ဒိယနိုင်ငံက လက်ဆောင်ပေးလိုက်တဲ့ covid-19 ကာကွယ်ဆေး (၁)သန်းကျော် ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီလ (၂၂)ရက်နေ့မှာ ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

ရောက်ရှိလာတဲ့ ကာကွယ်ဆေးတွေဟာ လူဦးရေ (၇)သိန်းခွဲကျော်ကို ကနဦး ထိုးနှံနိုင်မှာဖြစ်ပြီး ကျန်းမာရေး ဝန်းထမ်တွေ ၊ အစိုးရအဖွဲ့ ထိပ်ပိုင်းအရာရှိတွေနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးစားပေး ထိုးနှံသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။

လက်ရှိမှာလည်း ဒီကာကွယ်ဆေးတွေကို တိုင်းနဲ့ပြည်နယ်အလိုက် ခွဲတမ်းချ ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။

မွန်ပြည်နယ်ကိုတော့ ကာကွယ်ဆေးတွေ မရောက်လာသေးပေမယ့် ရောက်တာနဲ့ အဆင့်သင် ထိုးနှံနိုင်အောင် ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပို့ချပေးနေပြီးလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးဖို့ သင်တန်းပေးနေတာက ပြည်သူလူထုအတွက် ဆေးရောက်လာရင် အဆင်သင့်ဖြစ်ထိုးလို့ရအောင်ပေါ့၊ ကာကွယ်ဆေးကတော့ မရောက်သေးပါဘူး၊ ဘယ်လိုလူမျိုးက ထိုးရမလဲ၊ ဘယ်လိုလူမျိုးက မထိုးသင့်ဘူး၊ သူ့ရဲ့သက်ရောက်မှုက ဘာတွေရှိလဲ၊ ထိုးတဲ့နေရာမှာ ဘာတွေဂရုစိုက်ရမလဲပေါ့၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို ဒီလမကုန်ခင် ကျန်းမာရေးဝန်ထမ်းအငယ်တွေအထိ အကုန်လုံး သင်တန်းပေးနေတာပေါ့”လို့ ဆိုပါတယ်။

တဖက်မှာလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးအား ပြည်သူအားလုံး ထိုးနှံနိုင်ဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေက ကျေးရွာ ရပ်ကွက်တွေမှာ လူဦးရေစာရင်းတွေကို စတင်ကောက်ခံနေပြီးလို့ ဆိုပါတယ်။

“ကျွန်တော်တို့က မနေ့ကစပြီးတော့ ကောက်တယ်၊ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းပြီးတော့ ရပ်ကွက်ထဲမှာ ရှိတဲ့စာရင်းကို ပေးတဲ့ဇယားအတိုင်းကို ကောက်တာ၊ ဦးစားပေးတယ်၊ ဘာရယ်လို့တော့ မပါဘူး၊ သူ့ရဲ့အလုပ်အကိုင်ရယ်၊ ဇယားထဲမှာပါတဲ့အတိုင်းကို ဖြည့်ပြီးကောက်တယ်၊ ပုံစံ(၆၆/၆)ရှိတဲ့ဟာရော၊ မရှိပဲနဲ့ နေတဲ့ဟာရော ဖော်ပြပြီးတော့မှ ကောက်တယ်၊ တစ်ခုကတော့ ပြည်သူလူထုက ရွေ့ပြောင်းနေထိုင်တာ ဟိုဘက်မှာ အိမ်ထောင်ရှိနေတယ်၊ နှစ်ခါပေးမိအောင် မဖြစ်အောင် ကျွန်တော်တို့က သတိပြုပြီးတော့ ကောက်တယ်။ ကျွန်တော်တို့အနေနဲ့က ဘယ်သူက ဦးစားပေး၊ ဘယ်အဖွဲ့က ဦးစားပေးဆိုတဲ့ဟာတော့ မပါဘူး၊ ကျွန်တော်တို့က ရပ်ကွက်ထဲမှာ ရှိတဲ့ စာရင်းအတိုင်းကိုပဲ ကောက်ပေးတာပဲ ရှိတယ်။ မနေ့ကစပြီး မနက်ဖြန်အပြီး ကျွန်တော်တို့ စာရင်းကောက်ခံနေပါတယ်”လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောပါတယ်။

ကိုဗစ် -၁၉  ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာတော့ တုပ်ကွေးကာကွယ်ဆေးတွေအပါအဝင် အခြားကာကွယ်ဆေးတွေ ထိုးပြီးတဲ့အခါ ခံစားရသလို ကိုယ်ပူတာ၊ ဖျားတာ၊ ချမ်းတုန်တာ ၊ ခေါင်းကိုက်တာ ၊ ခြေကုန်လက်ပမ်းကျတာနဲ့ ဆေးထိုးထားတဲ့နေရာမှာ နာတာ ၊ အဖုထတာ ၊ ရောင်ရမ်းတာမျိုးတွေ ကို ခံစားရနိုင်တယ်လို့ ဆေးဘက် ကျွမ်းကျင်သူတွေက ပြောဆိုထားကြပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.