မော်လမြိုင် ၊ ဇန်နဝါရီ (၂၅)

ကိုဗစ်အတည်ပြုလူနာတစ်ဦးအတွက် တစ်ရက်တာ ဆေးကုသစရိတ်ဟာ ပျှမ်းမျှ (၅)သောင်းကျပ် ဝန်းကျင် ရှိနေပါတယ်။

မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို  မော်လမြိုင်က ဆေးရုံ (၃)ခုနဲ့ သထုံက ဆေးရုံ(၁)ခုတို့မှာ စောင့်ကြည့် ကုသနေတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ (၂၅)ရက်နေ့အထိ စားရင်းတွေအရတော့ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ( ၃၃၀၀)ကျော် ရှိပြီး ပြန်လည် သက်သာလို့ ဆေးရုံဆင်းသူကတော့ (၂၉၀၀)နီးပါး ရှိပြီး ဖြစ်ပါတယ်။

အတည်ပြုလူနာတွေရဲ့ တစ်ရက်တာ ဆေးကုသစရိတ်ကတော့ အနည်းဆုံး ကျပ် ငါးသောင်းကနေ အများဆုံး ၇ သောင်းဝန်းကျင်ထိ ကုန်ကျနေတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝတ်မှုံက ဆိုပါတယ်။

“ဆေးဝါးပိုင်းကကျတော့ ရောဂါပြင်းထန်ရင် ပြင်းထန်သလို ဆေးရုံတက်ရတဲ့ ရက်အပေါ်မှာ မူတည်တာပေါ့၊ ရောဂါသာမန်လူနာကျတော့ အစားအသောက်စရိတ်လောက်ပဲ ကုန်တာပေါ့၊ တစ်ရက်ကို လေးငါးသောင်းဖိုးလောက် ထိုးပေးရမယ်သူတို့ ဆေးဖိုးကတော့လေ၊ အဲဒါက အောက်စီဂျင်က အလကားရတာနေပေါ့၊ ဆေးဖိုးပဲပေါ့၊ စိုးရိမ်ရတဲ့လူနာကျတော့ တစ်နေ့ကို ၆ သောင်း၊ ၇ သောင်းဖိုးလောက်ရှိတယ်”လို့ ပြောပါတယ်။

လူနာတွေအတွက် အဓိက လိုအပ်နေတဲ့ အောက်ဆီဂျင်ကတော့ မော်လမြိုင်ဆေးရုံကြီးမှာ အခမဲ့ လှူဒါန်းပေးထားတဲ့အတွက် ကုန်ကျစရိတ်မှာ မပါဝင်ဘူးလို့ ဆိုပါတယ်။

လူနာတွေကို အများအားဖြင့်တော့ ပိုးသတ်ဆေးနဲ့ အသက်ရှုကြပ်ပျောက်ဆေးတွေကို တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ပုံမှန် ထိုးပေးနေရတာ ဖြစ်ပါတယ်။

“ပုံမှန်အတိုင်းဆိုရင် ပိုးသတ်ဆေးတွေ ထိုးတယ်၊ အသက်ရှုကြပ်တာပျောက်တဲ့ဆေးတွေ ထိုးတယ်၊ တစ်နေ့သုံးကြိမ်ရှိတယ်၊ တချို့တွေဆို နှစ်ကြိမ်ရှိတယ်၊ ထိုးပေးနေရတာ၊ အခြေအနေဆိုးတဲ့သူတွေကတော့ ပိုးသတ်ဆေးကောင်းတွေ များများထိုးပေးရတယ်၊ အသက်ရှုကြပ်ပျောက်တဲ့ဆေးတွေ ထိုးပေးရတယ်၊ အောက်စီဂျင်အားပျင်းတဲ့ဟာတွေ ပေးရတာပေါ့၊ ဆေးကတော့ သတ်မှတ်ချက်အတိုင်းပဲပေါ့၊ ဆေးအမျိုးအစားပြောင်းလိုက်တာပဲရှိတယ်၊ ပိုထိုးလို့တော့ မရဘူးပေါ့၊ သူ့အချိန်နဲ့ အချိန်နဲ့ပဲ”လို့ ဒေါက်တာ ဝတ်မှုံက ဆိုပါတယ်။

လက်ရှိအချိန်ထိ ကိုဗစ်အတည်ပြုလူနာတွေအတွက် ဆေးကုသစရိတ်တွေကိုတော့ နိုင်ငံတော်ကနေ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

နိုင်ငံတော်အနေနဲ့ ကိုဗစ်အရေးမှာ ပြည်သူ့ဘဏ္ဍာ အမြောက်အများ သုံးစွဲထားတဲ့အတွက် ကိုဗစ်အလွန် စီးပွားရေး ပြန်လည်နာလံထူနိုင်ဖို့အတွက်တော့ စိန်ခေါ်မှုတွေ ကြုံတွေ့လာနိုင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးတာနဲ့ အတည်ပြုလူနာတွေအား လက်ခံကုသပေးတာကိုလည်း ပုဂ္ဂလိက ဆေးရုံ(၂)ခုမှာ စတင် ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။

ပုဂ္ဂလိက ဆေးရုံမှာ ဓာတ်ခွဲနမူနာ ယူရင်တော့ တစ်ကြိမ်ကို ကျပ် တစ်သောင်းခွဲ ကျသင့်မှာ ဖြစ်ပြီး အတည်ပြုလူနာတွေ ကုသရင်တော့ တစ်ရက် ကုန်ကျစရိတ် အနည်းဆုံး ကျပ် တစ်သိန်းခွဲ ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.