မော်လမြိုင် ၊ ဇန်နဝါရီ (၂၂)

မွန်ပြည်နယ်မှာ ပထမဆုံးအကြိမ်အဖြင့် အချုပ်သားတွေ အစုလုံအပြုံလိုက် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပါတယ်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ မနေ့ညပိုင်း သတင်းထုတ်ပြန်ချက်တွေအရ အတည်ပြု လူနာ (၆၅) ဦး တွေ့ရှိခဲ့ပြီး (၃၄)ဦးဟာ အချုပ်သားတွေ ဖြစ်ပါတယ်။

ရေးမြို့မစခန်းမှာ အချုပ်ကျနေသူတွေကို  RDT Test Kids နဲ့ စစ်ဆေးရာမှတဆင့် ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး ကူးစက်ခံရမှန်း တွေ့ရှိခဲ့တာပါ။

သူတို့ကိုတော့ ညတွင်းချင်းပဲ မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး လုံခြုံရေး  အစောက်ရှောက်တွေနဲ့ ကုသမှုကို ခံယူစေနေတယ်လို့ ရေးမြို့မစခန်းမှူးက  အတည်ပြု ပြောဆိုထားပါတယ်။

ဒီအချုပ်သားတွေနဲ့အတူ အခြားအတည်ပြုလူနာတွေဟာ ကျန်းမာရေးကောင်းမွန်တာကြောင့် မော်လမြိုင်ဆေးရုံကြီးမှာ ပုံမှန်အတိုင်း ကုသပေးနေတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဝတ်မှုံက ဆိုပါတယ်။

“သူတို့ကတော့ ပုံမှန်ပါပဲ၊ အမတို့ အတည်ပြုလူနာတွေ ပုံစံပဲပေါ့နော်၊ လိုအပ်ရင် လိုအပ် သလိုပေါ့၊ ပုံမှန်ကတော့ ဒီလူတွေကို ခေါင်မူးခေါင်ကိုက်ဆေးတွေပဲ ပေးထားပါတယ်”လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ပြည်နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာသေဆုံးမှုဟာ ဆက်တိုက်မြင့်တက်နေပြီး ဇန်နဝါရီလ (၂၁)ရက်နေ့ တစ်နေ့တည်းမှာပဲ သေဆုံးသူ (၃) ဦးအထိ ရှိခဲ့ပါတယ်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ မနေ့ညပိုင်းစာရင်း ထုတ်ပြန်ချက်တွေအရ ကိုဗစ်အတည်ပြုလူနာ ( ၃၂၂၃) ဦးရှိပြီး ပြန်လည်သက်သာလို့ ဆေးရုံဆင်းသူ (၃၂၂၃) ဦးနဲ့ သေဆုံးသူကတော့ (၃၅)ဦး ရှိပြီး ဖြစ်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.