မော်လမြိုင် ၊ ဇန်နဝါရီ (၂၀)

ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲ (၃)ဆက် အနိုင်ရထားသူ မွန်ညီညွတ်ရေးပါတီ အမတ် ဒေါက်တာအောင်နိုင်ဦးကို ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်မှာ တိုင်ကြားခံထားရပါတယ်။

ကော်မရှင်မှာ တိုင်ကြားထားသူကတော့ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှာပဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် ဖြစ်ပါတယ်။

ခိုင်လုံမဲ (၃၀၀၀၀)ကျော်ရှိတဲ့ ချောင်းဆုံ မဲဆန္ဒနယ် အမှတ်(၁) မှာ NLD ပါတီ ကိုယ်စားလှယ် ဦးမင်းကျော်လွင်က ခိုင်လုံမဲ ( ၁၄၀၀၀) နီးပါး ရပြီး မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကတော့ ခိုင်လုံမဲ (၁၅၀၀၀) ကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဦးမင်းကျော်လွင်ကို ဒေါက်တာအောင်နိုင်ဦးက ခိုင်လုံမဲ (၁၄၀၀)ကျော် အသာစီးနဲ့ အနိုင်ရပြီးနောက် အခုလို ကန့်ကွက်လွှာ တင်သွင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကန့်ကွက်လွှာတင်သွင်းတာနဲ့ ပတ်သက်ပြီး ကာယကံရှင် ဦးမင်းကျော်လွင်ကို ဖုန်းနှင့်အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

NLD ပါတီ မွန်ပြည်နယ် အတွင်းရေးမှူးကတော့ ဒေါက်တာအောင်နိုင်ဦးကို ဦးမင်းကျော်လွင် ကန့်ကွက်လွှာ တင်သွင်းထားတာ မှန်ပေမယ့် ဘာကြောင့်လဲဆိုတာကို ပြောခွင့်မရှိဘူးလို့ သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုထားပါတယ်။

“ဒေါက်တာအောင်နိုင်ဦးကို ဦးမင်းကျော်လွင်က စွဲထားတာ တစ်ခုရှိတယ်။ ဘယ်လိုအကြောင်းအရင်း ကြောင့်လဲဆိုတာကိုတော့ ပြောလို့ မရဘူး”လို့ NLD ပါတီ မွန်ပြည်နယ် အတွင်းရေးမှူး ဦးငွေမြင့်က ပြောပါတယ်။

ဒေါက်တာအောင်နိုင်ဦးကတော့ ကန့်ကွက်လွှာ တင်သွင်းခံရတာနဲ့ ပတ်သက်ပြီး တစုံတရာ မသိရှိရသေးတဲ့အတွက် မှတ်ချက်မပြုလိုဘူးလို့ ဆိုပါတယ်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ခံ ကိုယ်စားလှယ် အမည်စာရင်း ကြေညာပြီး (၄၅)ရက်အတွင်းမှာ ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးဖို့  တိုင်ကြားနိုင်ပြီး သက်သေ အထောက်အထား ခိုင်လုံရင် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမှာ ဖြစ်ပါတယ်။

ဒီကန့်ကွက်မှုကြောင့် ဒေါက်တာအောင်နိုင်ဦးက ပယ်ဖျက်ခံခဲ့ရမယ်ဆိုရင် အဲ့ဒီမဲဆန္ဒနယ်မှာ ထောက်ခံမဲ ဒုတိယ အများဆုံး ရခဲ့တဲ့ ဦးမင်းကျော်လွင်က ကိုယ်စားလှယ် ဖြစ်လာမှာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)အတွက် မွန်ညီညွတ်ရေးပါတီ ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့နဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ်တွေ  ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.