မော်လမြိုင် ၊ ဇန်နဝါရီ (၂၀)

အခြားတိုင်းနဲ့ ပြည်နယ်က ပြန်လာသူတွေအနေနဲ့ စစ်တောင်းတံတားဂိတ်မှာ ပိုးရှိမရှိ သေချာ မစစ်ဆေးဘဲ facilities quarantine (၇)ရက်နေ နေခိုင်းတာဟာ အကျိုးမရှိဘူးလို့ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်သူတွေက ဝေဖန်လိုက်ပါတယ်။

မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိမှုဟာ ဆက်တိုက်မြင့်တက်နေပြီး တစ်ရက်ကို အတည်ပြုလူနာ အနည်းဆုံး (၃၀)ကနေ (၅၀)ဝန်းကျင်အထိ တွေ့ရှိနေတာပါ။

တစ်ဖက်မှာလည်း အခြားတိုင်းနဲ့ ပြည်နယ်က ပြန်လာသူတွေကို စစ်တောင်းတံတားဂိတ်မှာ ပိုးရှိမရှိ စစ်ဆေးနေပြီး facilities quarantine ဒါမှမဟုတ် hotel quarantine (၇)ရက် နေခိုင်းထားပါတယ်။

ဒါပေမယ့် စစ်တောင်းတံတားဂိတ်မှာ ပိုးမစစ်ဘဲနဲ့ တရားမဝင် ဝင်ရောက်လာသူတွေ ရှိနေတာကြောင့် ပြည်နယ်အတွင်း ကူးစက်မှုတွေက မလျော့ကျသေးဘူးလို့ mawlamyine fever clinic က တာဝန်ခံ ဆရာဝန် ဒေါက်တာသက်ကျော်စိုးက ပြောပါတယ်။

“ စစ်တဲ့နေရာတွေမှာ အားလုံးက အစစ်မခံဘဲ တစ်ချို့တစ်ဝက်ကသာ အစစ်ခံပြီး လာကြတယ်။တစ်ခေါက်လောက်တောင် မစစ်ဆေးဘဲ ကွာရန်တင်း ဝင်မယ့်အစား အဝင်ဂိတ်တွေမှာ သေချာစစ်မယ် ကွာရန်တင်း ဖြုတ်ပြီး အိမ်မှာပဲထားရင် ပြည်သူတွေလည်း ပါလာမှာပေါ့ “လို့ ဆိုပါတယ်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ ပြည်သူတွေအနေနဲ့ စည်းကမ်းချက်တွေကို တိတိကျကျ လိုက်နာမှသာ quarantine စင်တာတွေ ပိတ်ပြီး home quarantine (၇)ရက် နေခွင့် ပေးနိုင်မယ်လို့ ဆိုပါတယ်။

“အမတို့က Quarantine လျော့လိုက်ရင် ကိုယ့်ပြည်သူလူထုပဲ ထိခိုက်မှာပေါ့နော်။ အမတို့က Home Quarantine ထားမယ်ဆိုရင် သူတို့လိုက်နာနိုင်ပါ့မလားပေါ့။ သူတို့လိုက်နာနိုင်တယ်ဆိုရင် ကျန်းမာရေးကတော့ အဆင်သင့်ပဲပေါ့။ ပေးနေရုံပဲပေါ့။ မလိုက်နာရင် ရောဂါကူးစက်မှုကို ပြည်သူလူထုက ပိုခံရမယ်”လို့ မွန်ပြည်နယ် ပြည်ိသူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

ဒါပေမယ့် ကိုဗစ်-၁၉ စည်းကမ်းချက်တွေအပေါ် ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှုဟာ အတော်လေး အားနည်းနေတာကို တွေ့ရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“ပြည်သူတွေက စည်းကမ်း မလိုက်နာဘူး။ အရင်ကလည်း မလိုက်နာဘူး ။ အခုချိန်ထိလည်း မလိုက်နာကြသေးဘူး”လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးက ပြောပါတယ်။

ဒီဇင်ဘာလ (၂၀)ရက်နေ့ မနက်ပိုင်းစာရင်းတွေအရတော့ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၀၀၀)ကျော်ရှိပြီး ပြန်လည် သက်သာလို့ ဆေးရုံဆင်းသူတွေကတော့ (၂၆၀၀)ကျော် ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.