မော်လမြိုင် ၊ ဇန်နဝါရီ (၁၉)

ပုတီးဆိုတာဟာ လူမျိုးမရွေး ဘာသာမရွေး အသုံးပြုကြတဲ့ ဘာသာရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

ပုတီးအမျိုးအစား အများကြီး ရှိတဲ့အထဲမှာမှ ကြိမ်ပုတီးတွေကိုတော့ မွန်ပြည်နယ် သထုံမြို့နယ်က ဇရစ်ချောင်းကျေးရွာမှာ မိရိုးဖာလာ လုပ်ငန်းအဖြစ် လုပ်ကိုင်နေကြပါတယ်။

ကြိမ်ပုတီးတွေကို မိသားစု တစ်ပိုင်တစ်နိုင်အဖြစ် လုပ်ကိုင်ကြပြီး မွန် ၊ ကရင် ၊ တနင်္သာရီ ၊ ပဲခူးနဲ့ ရန်ကုန်တိုင်း ဒေသကြီးတွေ အထိပါ ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာတော့ ကြိမ်ပုတီးလုပ်ဖို့ လိုအပ်တဲ့ ကြိမ်သီး ၊ နိုင်လွန်ကြိုး ၊ ဆိုးဆေး တွေဟာ အရင်ထက် စျေးနှုန်း မြင့်တက်ခဲ့ပါတယ်။

ကုန်ကြမ်းတွေ စျေးနှုန်းမြင့်တက်ခဲ့ပေမယ့် ကုန်ချောဖြစ်တဲ့ ကြိမ်ပုတီးတွေကိုတော့ စျေးနှုန်းမြင့်တင်လို့ မရတဲ့အတွက် လုပ်ငန်းရှင်တွေက တွက်ခြေမကိုက် ဖြစ်နေကြပါတယ်။

“ကိုယ့်မိသားအနေနဲ့ နည်းနည်းပြေလည်ချောင်သာတာပေါ့၊ အဲလိုလေး စီးပွားအဖြစ်ရယ်လို့တော့ မဟုတ်ဘူး၊ နည်းနည်းပါးပါးစားဝမ်းနေရေး၊ မီးဖိုချောင်းစရိတ်လေးဘာလေး အဲလိုမျိုး လှူရေးတန်းရေး နည်းနည်းပါးပါးအထောက်အကူပြုတာပေါ့၊ လောလောဆယ်ဆယ်တော့ ဒီလောက်နဲ့ပဲ ကျေနပ်နေရတာပေါ့”လို့ ကြိမ်ပုတီးလုပ်ငန်း လုပ်ကိုင်သူ ကိုသန့်ဇင်က ပြောပါတယ်။

ကြိမ်ပုတီးလုပ်ဖို့ဆိုရင် လိုအပ်တဲ့ ကြိမ်သီးတွေကို နယုန်လက စတင်ပြီးတော့ ဝယ်ယူ စုဆောင်းရပါတယ်။

ပုတီးလုပ်ဖို့ လိုအပ်တဲ့ ကြိမ်သီးအစိုတွေကို သန့်စင် အခြောက်ခံပြီး သိမ်းဆည်းထားရပါတယ်။

ပုတီးလုပ်လိုတဲ့အခါ ကြိမ်သီးအခြောက်တွေကို ရေစိမ် ပြန်ပြုတ်ပြီးမှ လွန်းသွားတွေကို လက်လှည့်စက်နဲ့ အသုံးပြုပြီး လိုအပ်တဲ့ အရွယ်အစားရအောင် ကြိမ်သီးတွေကို ပုံသွင်းရပါတယ်။

ကြိမ်သီးတွေကို လွန်းသွားနှင့် ပုံသွင်းနေစဉ် ( ဓာတ်ပုံ – သက်ဦး (သထုံ) )

ရလာတဲ့ ကြိမ်သီးတွေကို နိုင်လွန်ကြိုးနဲ့သီကာ အခြောက်လှန်း အရောင်ဆိုးပြီးတော့ စျေးကွက်ကို ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။

စျေးကွက်မှာတော့ ကြိမ်ပုတီး တစ်ကုံးကို အရွယ်အစားပေါ် မူတည်ပြီးတော့မှ ပင်ရင်းစျေး ကျပ် (၈၀၀) ကနေ (၂၀၀၀) အထိ ရပါတယ်။

အခုလို အဆင့်ဆင့်ပြုလုပ်ရတဲ့အပြင် ကုန်ကြမ်းပစ္စည်းတွေလည်း စျေးနှုန်းမြင့်တက်လာတာကြောင့် တွက်ခြေမကိုက်တော့လို့ ဒီလုပ်ငန်း လုပ်ကိုင်သူတွေဟာ တဖြည်းဖြည်းလျော့နည်း လာပါတယ်။

မိရိုးဖာလား လုပ်ငန်းတစ်ခုဖြစ်တဲ့ သထုံမြို့နယ်အတွင်းက ကြိမ်ပုတီး လုပ်ငန်း မတိမ်ကောစေဖို့အတွက် ကုန်ကြမ်း ပစ္စည်းတွေ အလွယ်တကူ ရအောင် အစိုးရက ပံ့ပိုးပေးဖို့ လိုအပ်နေသလို ခိုင်မာတဲ့ စျေးကွက်တစ်ခုရအောင်လည်း လုပ်ငန်းရှင်တွေ ရှာဖွေဖို့ လိုအပ်နေပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.