ဓာတ်ပုံ - ဇင်မိုး

မော်လမြိုင် ၊ ဇန်နဝါရီ (၁၉)

ဇန်နဝါရီလအတွင်းမှာတော့ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းအထိ ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေ (၂၀) ဦးဝန်းကျင် ရှိခဲ့ရာမှ ဇန်နဝါရီ လလယ်ပိုင်းမှာတော့ သေဆုံးသူ ဦးရေ (၃၁) ဦးအထိ မြင့်တက်ခဲ့ပါတယ်။

 သေဆုံးသူတွေမှာတော့ ရောဂါအခံ ကြီးကြီးမားမား ရှိသူတွေ မပါဝင်ဘဲ ကိုဗစ်-၁၉ ကြောင့်သာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဝတ်မှုံက ပြောပါတယ်။

“သေဆုံးတာကတော့ အခုတလောမှာ တစ်ရက်ခြား နှစ်ရက်ခြားလောက်ကို တချို့နေ့တွေဆို တစ်နေ့ကို (၂)ယောက်ပေါ့နော် အဓိကတော့ ကိုဗစ်ကြောင့်ပဲ သေတာပါ၊ ရောဂါအခံတွေကတော့ ပြောပလောက် အောင်တော့ မဟုတ်ကြဘူး” လို့ ဆိုပါတယ်။

အခုလို သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ အရင်ကထက် ပိုမိုပြင်းထန်းလာ တာလားဆိုတာကို စဉ်းစားစရာ ဖြစ်နေတယ်လို့ ဒေါက်တာဝတ်မှုံက သုံးသပ်ထားပါတယ်။

“အမတို့ဆီမှာ မသေဘူး တော်တော်လေး ကြာနေပြီးပေါ့ ၊သေသူ(၂၀)ကျော်လောက်မှာတင်ကို ရပ်နေတာလေ ရုတ်တရပ်ကြီးပဲ (၃၁)ယောက်ပေါ့နော် ချက်ချင်းကြီး များလာတာပေါ့။ ကိုဗစ် ဗိုင်းရပ်စ်ပိုးဟာ အရင်ကထက် ပိုပြင်းထန်းလာသလားဆိုတာကို စဉ်းစားစရာ ဖြစ်နေတာပေါ့နော်”လို့ ဒေါက်တာဝတ်မှုံက ဆိုပါတယ်။

ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေမှာလည်း ဆက်တိုက်မြင့်တက်ခဲ့ပြီး တစ်နေ့ကို အတည်ပြုလူနာ အနည်းဆုံး (၃၀)ကနေ အများဆုံး (၅၀)အထိ တွေ့ရှိနေပါတယ်။

ဇန်နဝါရီလ (၁၉)ရက်နေ့ မနက်ပိုင်းစာရင်းတွေအရတော့ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၀၀၀)ကျော် ရှိပြီး ပြန်လည် သက်သာလို့ ဆေးရုံ ဆင်းသူကတော့ (၂၆၀၀)ကျော် ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.