မော်လမြိုင် ၊ ဇန်နဝါရီ (၁၈)

မွန်ပြည်နယ်ထွက် ငါးတွေကို ပြန်လည်ဝယ်ယူပြီး ပြည်သူတွေကို စျေးနှုန်းသက်သာစွာနဲ့ သမဝါယမအသင်းက ရောင်းချပေးနေပါတယ်။

ကိုဗစ်ကာလမှာ စျေးကွက်ပျောက်ဆုံးနေတဲ့ မွန်ပြည်နယ် ငါးလုပ်ငန်းကို ပံ့ပိုးတဲ့အနေနဲ့ ငါးလုပ်ငန်းဦးစီးဌာနနဲ့ သမဝါယမအသင်းတို့ အခုလို ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ရဲ့ ငါးလုပ်ငန်းဟာ တရုတ်စျေးကွက်ကို (၉၀)ရာခိုင်နှုန်းနီးပါး မှီခိုနေရတာပါ။

ကိုဗစ်ကာလမှာ တရုတ်က ငါးဝယ်ယူမှု စည်းမျဉ်းတွေ တင်းကြပ်လိုက်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းဟာ ပြည်ပစျေးကွက် တင်ပို့မှု ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ပါတယ်။

ဒီလို အခြေအနေကို ကုးစားပေးဖို့ သမဝါယမအသင်းက ငါးတွေကို ပြန်လည်ဝယ်ယူပြီး ပြည်တွင်းစျေးကွက်မှာ အမြတ်မယူဘဲ သက်သာစျေးနှုန်းနဲ့ ပြန်လည်ရောင်းချပေးနေတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက် ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။

“မွန်ပြည်နယ်ထဲမှာရှိတဲ့ သမ အသင်းစုချုပ်ရဲ့ အောက်မှာရှိတဲ့ အခြေခံအသင်းတွေပေါ့။ မြိုနယ်တိုင်းမှာရှိတယ်။ သူ့မှာ ကွန်ရက်ရှိတယ်။ အဲကွန်ရက်ကို အသုံးချပြီးတော့ သမဝါယမရဲ့ မူကတော့ သူတို့က အမြတ်ကိုတော့ မယူဘူးပေါ့နော်။ ဝန်ဆောင်မှု စရိတ်လောက်ပဲ ထောက်ပံ့မယ်။ ဆုံးရှုံးမှုလည်းမရှိအောင် ပြည်သူလက်ဝယ်အရောက်ပေါ့နော် ဖြန့်ဖြူးရောင်းချပေးသွားမယ်ပေါ့။ ဒီလိုပုံစံမျိုးနဲ့ ဖြန့်ဖြူးပေးခဲ့တာ တစ်ပတ်ကျော်လောက်ရှိပြီ”လို့ ဆိုပါတယ်။

ဒီအစီအစဉ်ကိုတော့ မွန်ပြည်နယ်အတွင်းမှာ ဇန်နဝါရီလ ဒုတိယအပတ်တည်းက စတင်ခဲ့ပြီး နောက်ပိုင်းမှာ မြန်မာပြည်အနှံ့ ဖြန့်ဖြူးရောင်းချနိုင်တဲ့အထိ သမဝါယမ အသင်းတွေနဲ့ ချိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

ငါးလုပ်ငန်းစျေးကွက်ကို ကုစားပေးဖို့ သမဝါယမအသင်းတွေက  ဝယ်ယူရောင်းချပေးနေပေမယ့် ထွက်ကုန်ရဲ့ (၁၀)ရာခိုင်နှုန်းကိုသာ ဝယ်ယူနိုင်တဲ့အတွက် သိသိသာသာ အကျိုးမရှိဘူးလို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

“ငါးရောင်းရတဲ့ကိစ္စကတော့ သမ ကတော့ နည်းနညိးပါးပါး သူ ရောင်းပေးတာပေါ့။ နည်းပါတယ်။ ထင်သလောက်တော့ အကျိုးမဖြစ်ပါဘူး။ နည်းနည်း ပါးပါးပါပဲ။ ထွက်ကုန်နဲ့ ရောင်းကုန်၊ ရောင်းအားက ဆယ်ဆလောက်ကွာနေတယ်လေ”လို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။

မွန်ပြည်နယ်ဟာ တရုတ်နိုင်ငံကို နှစ်စဉ် ငါးတန်ချိန် သောင်းချီ တင်ပို့နေရတာ ဖြစ်ပြီး ငါးဗြတ်၊ ငါးသလောက်စတဲ့ ငါးတွေကို အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ငါးတွေကို တရုတ်နိုင်ငံက ဝယ်ယူမှု လျော့ကျခဲ့လို့ လုပ်ငန်းရှင် အများစုက အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.