ဇန်နဝါရီ (၄)ရက် နံနက် (၉)နာရီတွင် မွန်ညီညွတ်ရေးပါတီကို လာရောက်စောင့်ဆိုင်ခဲ့စဉ်

မော်လမြိုင် ၊ ဇန်နဝါရီ (၄)

တွေ့ဆုံဖို့နေရာ ညှိနှိုင်းလို့ အဆင်မပြေတာကြောင့် NLD ကိုယ်စားလှယ်အဖွဲ့နဲ့ မွန်ညီညွတ်ရေးပါတီတို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲ ပျက်ပြယ်ခဲ့ပါတယ်။

ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီလ (၄)ရက်နေ့ နံနက် (၉)နာရီမှာ မော်လမြိုင် ကမ်းနားလမ်းက ပြည်နယ် NLD ရုံးမှာ တွေ့ဆုံဖို့ မွန်ညီညွတ်ရေးပါတီကို ကမ်းလှမ်းခဲ့တာပါ။

မွန်ညီညွတ်ရေးပါတီကတော့ ပါတီရုံးမဟုတ်တဲ့ တတိယနေရာတစ်ခုမှာ တွေ့ဆုံဖို့ NLD ပါတီ ကိုယ်စားလှယ်အဖွဲ့ကို အကြောင်းပြန်ခဲ့ပါတယ်။

NLD ပါတီ ကိုယ်စားလှယ်အဖွဲ့ကတော့ ဗဟိုရဲ့ ညွှန်ကြားမှုကြောင့် ပြည်နယ် NLD ရုံးကလွဲရင် အခြားနေရာမှာ မတွေ့ဘူးဆိုပြီး ပြည်နယ် NLD ရုံးမှာ ဇန်နဝါရီလ (၄)ရက်နေ့ နံနက် (၁၀) နာရီအထိ မွန်ညီညွတ်ရေးပါတီကို စောင့်ဆိုင်းနေခဲ့ပါတယ်။

 ဒါပေမယ့် တတိယနေရာ မဟုတ်လို့ မွန်ညီညွတ်ရေးပါတီက လာရောက်မတွေ့ဆုံခဲ့တာကြောင့် ဆွေးနွေးပွဲ ပျက်သွားတယ်လို့ NLD ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

“ဒီမှာလည်းပဲ တွေ့မယ်ဆိုတော့ကာ သူတို့က ဒီမှာ မွန်ပြည်နယ် ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ရုံး ဒီရုံးမှာလာပြီး မတွေ့နိုင်ပါဘူးတဲ့ ကြားတစ်နေရာမှာ တွေ့ရအောင်ပါတဲ့ ကျွန်တော်တို့ကိုပြောတယ်၊ အဲ့ဒါမျိုးတော့ ကျွန်တော်တို့က ဒီမှာပဲတွေ့ဖို့ဆုံးဖြတ်ထားတယ် အထက်က ဒီမှာပဲတွေ့ပါလို့ ညွှန်ကြားတယ်၊ ဒါကြောင့်မို့လို့ ဒီမှာပဲစောင့်နေတယ်၊ သူတို့က အစိုးရဧည့်ဂေဟာမှာ လာပြီးတည်းတဲ့နေရာမှာလာပြီး တွေ့မယ်တဲ့ အဲ့လိုတွေ တွေ့လို့မရဘူး၊ လူကြီးတွေက ဆုံးဖြတ်ထားလို့ အဲ့အတိုင်း ကျွန်တော်တို့စောင့်တယ်၊ (၉)နာရီတွေ့မယ်လို့ ပြောထားတယ်၊ (၁၀)နာရီအထိ ကျွန်တော်တို့စောင့်တယ်၊ စောင့်တော့မလာတော့ ဒီမှာစောင့်ပါတယ် ဒီမှာရောက်မလာပါဘူး၊ မွန်ညီညွတ်ရေးအဖွဲ့ (MUP)ရောက်မလာပါဘူး၊ ဒီဟာကိုပဲ လူကြီးတွေကို တင်ပြအစီရင်ခံရမှာပေါ့”လို့ ဆိုပါတယ်။

အခုလို ပထမအကြိမ် ဆွေးနွေးပွဲပျက်ပြီး မွန်ညီညွတ်ရေးပါတီနဲ့ ထပ်မံတွေ့ဆုံဖို့ ဆိုတာကတော့ ပါတီဗဟိုရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ NLD ကိုယ်စားလှယ်အဖွဲ့က ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီကတော့ NLD ရဲ့ တွေ့ဆုံဆွေးနွေးမှုကို အမြဲတမ်း ကြိုဆိုနေပြီး နောက်တစ်ကြိမ် ကမ်းလှမ်းလာရင်လည်း နှစ်ဖက်ပါတီရုံးမဟုတ်တဲ့ တတိယနေရာမှာသာ လက်ခံတွေ့ဆုံသွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောပါတယ်။

“နောက်ထပ်ဆက်ဆံရေးက ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ အနိုင်ရပါတီ NLD ရဲ့ သဘောထားပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့က အနာဂတ်နိုင်ငံအတွက် တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ ဘယ်အချိန် ဘယ်အခါမဆို ပြည်ထောင်စုကြီးအတွက် အကျိုးရှိမယ်ဆို တတိယနေရာတစ်ခုမှာ ရှေ့ဆက်ကမ်းလှမ်းလာရင် လက်ခံ ဆွေးနွေးသွားဖို့ ရှိပါတယ်”လို့ ဆိုပါတယ်။

NLD ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပွဲမှာ မွန်ညီညွတ်ရေးပါတီက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး (၁၉၄၇) မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေနဲ့ (၁၉၄၇) ဖဆပလ ပမာဏ ညီလာခံမှာ သဘောတူထားတဲ့ အခြေခံမှု (၁၄)ချက် အပါအဝင် အခြားအကြောင်းအရာတွေကို ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.