မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄)

ထိုင်းနိုင်ငံမှာ အသွားအလာကန့်သတ်မှု (Lock Down) ချမှတ်သွားမှာမဟုတ်ပဲ အသစ်ဖြစ်ပေါ်လာသော COVID-19 ကူးစက်မှုဒီဂရီနှင့် အရေအတွက်တွေပေါ်မူတည်ပြီး ရောဂါထိန်းချုပ်ရေး ဇုန်နယ်မြေများ သတ်မှတ်ကာ နှစ်သစ်ကူးအခမ်း အနားများကိုလည်း တင်းကျပ်သော ကန့်သတ်များအရ ကျင်းပခွင့်ပြုသွားမှာဖြစ်တယ်လို့ COVID-19 အခြေအနေ စီမံအုပ်ချုပ်ရေးစင်တာ (CCSA) မှ ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။

(CCSA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ တာဝီစလစ် က ဒေသန္တရများကို ချက်ချင်းအကျိုးထိရောက်စေနိုင်မည့် COVID-19 ထိန်းချုပ်ရေး အတိုင်းအတာများကို ဇုန်လေးဇုန် အဖြစ် ပိုင်းခြားသတ်မှတ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မှန်းဆနိုင်သော COVID-19 ကူးစက်ဖြစ်စဥ်အရေအတွက်များရှိပြီး အမြင့်ဆုံးထိန်းချုပ်ရန်လိုအပ်သည့် နေရာကို အနီရောင် ဇုန် အဖြစ်လည်းကောင်း၊ ကူးစက်မှုဖြစ်စဥ် ၁၀ ဦးထက်မနည်းဖြစ်ပေါ်လျှက်ရှိပြီး မြင့်တက်လာနေသောနေရာကို ထိန်းချုပ်မှုဆောင်ရွက်ရန်လိုအပ်သည့် နေရာ လိမ္မော်ရောင်ဇုန် အဖြစ်လည်းကောင်း၊  အမြင့်ဆုံးစောင်ကြည့်စစ်ဆေးမှုနှင့်အတူ ကူးစက်မှုဖြစ်စဥ် ၁၀ ဦးထက်နည်းပြီး ထိန်းချုပ်ဆောင်ရွက်ဖို့အတွက်ဖြစ်နိုင်သောနေရာကို အဝါရောင်ဇုန် အဖြစ် လည်းကောင်း၊ အတော်အတန် စောင်ကြည့်စစ်ဆေးမှုနှင့် ရောဂါကူးစက်မှု ဖြစ်နိုင်ချေနည်းခြင်း သို့မဟုတ် ကူးစက်မှု ဖြစ်စဥ်မရှိသော နေရာကို အစိမ်းရောင်ဇုန် အဖြစ်လည်းကောင်း အသီးသီး သတ်မှတ်ထားကြပါတယ်။

လတ်တလော အမြင့်ဆုံးရောဂါထိန်းချုပ်မှုနှင့်အတူ အနီရောင်ဇုန်အဖြစ်သတ်မှတ်ခြင်းခံရသော နေရာမှာ COVID-19 ကူးစက်မှု၏ ဗဟိုချက်မ ဖြစ်ခဲ့သော စမုဆာခေါင်ဒေသန္တရတစ်ခုတည်းသာ ဖြစ်ပါတယ်လို့ အဆိုပါ ပုဂ္ဂိုလ်က ပြောကြား ခဲ့ပါတယ်။

အဆိုပါဇုန်အတွင်းတွင် ကူးစက်ခံထားရသူများ၊ ကူးစက်နိုင်ချေအန္တရာယ်ရှိသူများကိုသာမက စီးပွားရေးလုပ်ငန်းများနှင့် လှုပ်ရှားဆောင်ရွက်မှုအားလုံးကိုလည်း အလျင်အမြန် ဖော်ထုတ်စစ်ဆေးနိုင်ခဲ့တာဖြစ်ပါတယ်။

 ကူးစက်ခံထားရသူများကို  သတ်မှတ်ကွင်းဧရိယာအတွင်းရှိ ဆေးရုံသို့ သွားရောက်ခွင့်ပြုထားပြီး ကူးစက်နိုင်ချေအန္တရာယ်ရှိသူများကို ကွာရန်တင်း ဝင်စေခဲ့ပါတယ်။

ကူးစက်မှုအန္တရာယ်ရှိသော အဆောက်အအုံဥပစာများကိုမူ ပိတ်ပင်ထားခြင်း သို့မဟုတ် နာရီအကန့်အသတ်ဖြင့် လှုပ်ရှားခြင်း ကို ဆောင်ရွက်စေခဲ့ပါတယ်။

ရွေ့ပြောင်းလုပ်သားများအနေဖြင့်လည်း အဆိုပါ ဧရိယာပြင်ပသို့သွားရောက်ခွင့်ကိုမူ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

စက်ရုံများနှင့် စီးပွားများအပေါ်တွင် အကျိုးသက်ရောက်မှုရှိနေခဲ့တာကြောင့် ထိုင်းနိုင်ငံသားများ၏ ဝင်ရောက်သွားလာခွင့်ကို အကန့်အသတ်ဖြင့် ခွင့်ပြုထားခဲ့ပါတယ်။ များသောအားဖြင့် အိမ်မှနေ၍ အလုပ်လုပ် ကြရသူများက ပိုမိုများပြားလျှက်ရှိပါတယ်။

ပညာရေးသင်ကြားမှုကို အွန်လိုင်းမှတဆင့် လုပ်ဆောင်ဖို့ညွှန်ကြားခဲ့ပြီး လူစုလူဝေးဖြစ်စေသော မည်သည့်လှုပ်ရှားမှုများကို မဆို ပိတ်ပင်ထားပါတယ်။

လုပ်ငန်းခွင်များ၊ စက်ရုံများနှင့် အလုပ်သမားများနေထိုင်ရာ အဆောင်များတွင် COVID-19 ကာကွယ်ရေးကို အမြင့်ဆုံးလုပ်ဆောင်ဖို့ ပြဌာန်းထားပါတယ်။

ငါးဖမ်းလုပ်ကိုင်ခြင်းကို ခွင့်ပြုပေးခဲ့သော်လည်း ငါးဖမ်းလုပ်ကိုင်သူများနှင့် ပင်လယ်စာများကို COVID-19 စစ်ဆေး ဆောင်ရွက်မှု များလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အခြားသောဇုံ ၃ ဇုံအတွင်းတွင်လည်း COVID-19 ကူးစက်မှုအခြေအနေပေါ်မူတည်၍ အတိုင်းအတာများကို တဖြည်းဖြည်း လျှော့ချပေးသွားမှာဖြစ်ပါတယ်။

သို့သော်လည်း လိမ္မော်ရောင်ဇုန်အတွင်းရှိ ရွှေ့ပြောင်းလုပ်သားများအဖို့ သတ်မှတ် ဧရိယာ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

 လိမ္မော်ရောင်ဇုန်အဖြစ်သတ်မှတ်ခြင်းခံထားရသောနေရာများမှာ စမွတ်ဆာခေါင်ဘေးပတ်လည်ရှိ ခရိုင်များ၊ ဘန်ကောက်မြို့၊ စမွတ်ဆွန်ကရန်၊ ရတ်ချဘူရီနှင့် နခွန်ပသွန် စသည်တို့ ဖြစ်ကြပါတယ်။

ဒေါက်တာ တဝီစလစ်ရဲ့ပြောကြားချက်အတွင်း ဒေသန္တရများ အသီးသီးအပေါ် ဇုံအလိုက်သတ်မှတ်ထားမှုများက ထိုဧရိယာများအတွင်း ဖြစ်ပေါ်လျှက်ရှိ သောအခြေအနေများအလိုက် ပြောင်းလဲမှုဖြစ်နိုင်တယ်လို့ ပါရှိပါတယ်။

အောင်မျိုးမြတ်

REF- BANGKOK POST

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.