မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂)

အခြားတိုင်းနဲ့ပြည်နယ်က လာသူအားလုံး မည်သူမဆို ကျန်းမာရေးစစ်ဆေးပြီးတာနဲ့ မွန်ပြည်နယ်အတွင်းကို ဝင်ခွင့်ပေးနေပြီးလို့ သိပ်ဇရပ်မြို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခဲ့ပြီးနောက် မွန်ပြည်နယ် အဝင်ဝ စစ်တောင်းတံတားမှာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်ထားပါတယ်။

အရင်ကတော့ အစိုးရဝန်ထမ်းတွေနဲ့ မဖြစ်မနေ သွားရမယ့် အရေးပေါ်လူနာတွေကိုသာ ဖြတ်သန်းခွင့် ပေးခဲ့တာပါ။

အခုအခါမှာတော့ မည်သူမဆို ဝင်ရောက်ခွင့်ရှိပြီး စစ်တောင်းတံတားဂိတ်မှာ ဓာတ်ခွဲနမူနာ ယူတာတွေ နဲ့ အပူချိန် တိုင်းတာ တာတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဓာတ်ခွဲနမူနာယူရင်တော့ ကုန်ကျစရိတ် တစ်ဦးကို ငွေကျပ် (၁၀၀၀၀) ပေးဆောင်ရမှာဖြစ်ပြီး ပိုးမတွေ့ဘူးဆိုရင် မိမိနေအိမ်မှာပဲ (၇)ရက် အသွားအလာ ကန့်သတ်ရမယ်လို့ ဆိုပါတယ်။

“လက်ရှိတော့ ရန်ကုန်ကလာတဲ့သူတွေ မွန်ပြည်နယ်ထဲကိုဝင်မယ့် မည်သူမဆို ကျွန်တော်တို့ တံတားထိပ်မှာ နှာခေါင်း test စစ်ပြီးတော့ ဝင်ခွင့်ပေး‌ပါတယ်။ နဂိုတုန်းကတော့ ရန်ကုန်ကလာတဲ့သူတွေကို Quarantine ထားတယ်။ အခုတော့ Home Quarantine ထားတယ်” သိပ်ဇရပ်မြို့ အုပ်ချုပ်ရေးမှူး ဦးတေဇာကြည်က ပြောပါတယ်။

စစ်ဆေးရာမှာတစ်ဆင့် အတည်ပြုလူနာတွေကို တွေ့ရှိမယ်ဆိုရင်တော့ သထုံမြို့က ကိုဗစ် ကုသရေးစင်တာတွေကို ပို့ဆောင်ပေးမှာဖြစ်ပြီး ထိတွေ့ခဲ့သူတွေကို နေအိမ်အသွားအလာ ကန့်သတ်မယ်လို့ ဆိုပါတယ်။

ဒါ့ပေမယ့် အခြားတိုင်းနဲ့ပြည်နယ်ကလာတဲ့ လူနာတင်ကားတွေကိုတော့ ပြည်နယ်အတွင်းကို အဝင်မခံဘဲ မွန်ပြည်နယ်က လူနာတင်ကားတွေထံ လူနာလွှဲပြောင်းပေးရမယ်လို့ ဆိုပါတယ်။

လူနာက အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားဖြစ်မယ်ဆိုရင် လူနာတင်ယာဉ် ကားနံပါတ်ကို မှတ်သားကာ ဝင်ခွင့်ပေးပြီး အဆိုပါ ယာဉ်ပြန်ထွက်ခွာပါကလည်း ဂိတ်ကို အသိပေးအကြောင်းကြား ရမယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း နဲ့ ကရင်ပြည်နယ်သို့ သွားရောက်မယ့် သူတွေကိုလည်း မွန်ပြည်နယ်အတွင်း ဖြတ်သန်းခွင့် ပေးနေပြီး ကျန်းမာရေးစစ်ဆေးမှုတွေတော့ ခံယူရမယ်လို့ ဆိုပါတယ်။

စစ်တောင်းတံတားကိုတော့ မနက် ၆နာရီကနေ  ည ၉နာရီ ၄၅မိနစ် ထိ ဖွင့်လှစ်ထားပြီး သတ်မှတ်အချိန်တွင်းမှာပဲ ကျန်းမာရေး စစ်ဆေးမှုတွေကို ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.