မော်လမြိုင် ၊ ဒီဇင်ဘာ (၂၁)

ဒီဇင်ဘာလ(၂၈)ရက်နေ့မှာ ကျရောက်မယ့် (၉)ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို ရေးမြို့နယ်မှာ အကျဉ်းချုံ့ ကျင်းပသွားမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

အခုနှစ် မွန်လူငယ်များနေ့ အခမ်းအနားကိုတော့ “မွန်လူငယ်တွေ မွန်နိုင်ငံရေးမှာ ပူးပေါင်းပါဝင်လာကြဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့ ကျင်းပရမှာဖြစ်တာကြောင့် ဘင်ခရာတွေ ၊ စစ်ရေးပြ တွေနဲ့ ပြခန်းတွေလည်း ပါဝင်မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

ကဗျာစာပေပြိုင်ပွဲတွေနဲ့ သဘာပတိထုတ်ပြန်ချက်‌တွေ ၊ အဖွဲ့အစည်းအသီးသီးမှ ပေးပို့သောသဝဏ်လွှာတွေအား ဖတ်ကြားမယ့် အစီအစဉ်တော့ ပါဝင်ပြီး မတက်ရောက်နိုင်သူတွေ ကြည့်ရှုနိုင်ဖို့အတွက် အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမယ်လို့ ဆိုပါတယ်။

“အဓိက ကျွန်တော်တို့ အွန်လိုင်းကနေပြီးတော့ လုပ်မှာပေါ့၊ အခမ်းတစ်ခုကို လုပ်မယ်၊ လူနည်းနည်းနဲ့ ဒီကိုဗစ်ရဲ့ မူအရ၊ ထုတ်ပြန်ချက်အရပေါ့နော်၊ လုပ်ပြီးတော့မှ Live လွှင့်မှာပေါ့၊ ၂၇ ရက်ညဆိုရင် စကားပြောပြိုင်ပွဲတို့၊ စာပေနဲ့ပတ်သက်တဲ့ပြိုင်ပွဲတွေ၊ ကဗျာနဲ့ပတ်သက်တဲ့ပြိုင်ပွဲတွေ အဲဒါတွေ လုပ်တယ်၊ နောက်ပြီး ၂၈ ရက်နေ့ နံနက် ၉ နာရီကနေ ၁၁ နာရီလောက်ဆိုရင်တော့ အခမ်းအနားတော့ လုပ်မှာပေါ့၊ သက်ဆိုင်တဲ့ မွန်ပြည်သစ်ပါတီကနေ၊ နောက်ပြီး မွန်ညီညွတ်ရေးပါတီနဲ့ အခြားသက်ဆိုင်တဲ့ လူငယ်တွေ ၊ သဘာသတိတွေလည်း ဖိတ်ထားပြီးသား အဲဒါနဲ့ ကျွန်တော်တို့ အခမ်းအနားလုပ်မှာပေါ့”လို့ စီစဉ်သူတစ်ဦးဖြစ်တဲ့ မင်းညာဏ်စိုက်ရာမာဉ်က ပြောပါတယ်။

မွန်လူငယ်နေ့ကိုတော့  အနယ်နယ်အရပ်ရပ်က မွန်လူငယ်တွေ တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်နှီးလာစေဖို့အတွက် ရည်ရွယ်ပြီး မွန်လူငယ်များနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပနေတာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကိုတော့ မွန်ပြည်နယ်အတွင်းက မွန်လူငယ်များသာမက ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ကရင်၊ တနင်္သာရီ ဒေသက မွန်လူငယ်တွေလည်း တက်ရောက်လေ့ ရှိပါတယ်။

အရင်နှစ်တွေက မွန်လူငယ်များနေ့ အခမ်းအနားမှာတော့   မွန်သမိုင်းပြခန်း၊ မူးယစ်ဆေးဝါးအသိပညာပေးပြခန်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုပြခန်း၊ ဒေသထွက်ကုန်ပြခန်း၊ စက်မှုလက်မှုလုပ်ငန်းပြခန်းတွေ ခင်းကျင်းပြသထားသလို လူငယ်များ စကားရည်လုပွဲ၊ ကျပန်စကားပြောပြိုင်ပွဲအစီအစဉ်များ ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.