မော်လမြိုင် ၊ ဒီဇင်ဘာ (၈)

Stay at home ပြင်ပမြို့နယ်တွေမှာ ဆိုင်ထိုင်စားသောက်ခွင့်ပြုဖို့ စားသောက်ဆိုင်တွေကို သက်ဆိုင်ရာ စုပေါင်းအဖွဲ့တွေက ကွင်းဆင်းစိစစ်နေပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခဲ့ချိန်မှာ စားသောက်ဆိုင်တွေ အပါအဝင် အခြား လူစုလူဝေးဖြစ်မယ့်နေရာတွေကို ပိတ်ထားဖို့ အစိုးရက ညွှန်ကြားထားတာပါ။

အခုလို စားသောက်ဆိုင်တွေကို ပိတ်ထားရတာ ကြာမြှင့်နေပြီးဖြစ်တာကြောင့် စီးပွားရေးထိခိုက်မှုတွေ ရှိလာသလို ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့တွေ ဖြစ်လာနေပါတယ်။

အခုလို အခြေအနေတွေကြောင့် စားသောက်ဆိုင်တွေကို ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ စိစစ်နေတယ်လို့ ပေါင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးက ပြောပါတယ်။

“ပြည်နယ်ကနေ ညွှန်ကြားတဲ့အတိုင်းပဲ အဲဒါကို ကျွန်တော်တို့ သတ်မှတ်ထားတဲ့အတိုင်းပဲပေါ့လေ၊ သတ်မှတ်ထားတဲ့ ကျန်းမာရေးအချက်တွေရှိတယ်လေ၊ (နိုဝင်ဘာလ) ၂၂ ရက်နေ့က တစ်ခါ၊ ၂၆ ရက်နေ့ကတစ်ခါပေါ့၊ စိစစ်တာ ဆိုင်ရှင်နဲ့ ဆိုင်ဝန်ထမ်းများ လိုက်နာရမယ့်အချက်(၆)ချက်၊ စားသုံးသူများ လိုက်နာရမယ့်အချက်က ၂ ချက်၊ အဲဒါနဲ့ ညီအောင် ကွင်းဆင်းစစ်ပေါ့၊ ကျွန်တော်တို့ရယ်၊ ကျန်းမာရေးရယ်၊ ထွေ/အုပ်ရယ်ပေါ့၊ အဲဒီအဖွဲ့တွေ ပေါင်းပြီး စစ်ထား တာရှိတယ်၊ ဖွင့်ခွင့်ပြုဖို့ကတော့ စာမလာသေးဘူး၊ လောလောဆယ်ဆယ်တော့၊ ကျွန်တော်တို့က အရင်သွားပြီး ကွင်းဆင်းစစ်ဆေးထားပေးတယ်ပေါ့နော်၊ ကျွန်တော်တို့ကတော့ ဒီဟာနဲ့ပတ်သက်ပြီး တွေ့ရှိထားတာကို ပြည်နယ်ကို တင်ပြထားတယ်၊ ဒီဆိုင်တွေ ဒီဆိုင်တွေက ဒီလိုရှိတယ်ပေါ့နော်၊ အဲဒီအပေါ်မှာ တင်ပြထားတယ်၊ ဟိုက ခွင့်ပြုလာရင်တော့ ကျွန်တော်တို့ ခွင့်ပြုပေးမှာပေါ့နော်”လို့ ဆိုပါတယ်။

လက်ရှိမှာတာ့ ခွင့်ပြုချက်မရှိဘဲ မြို့နယ်တချို့မှာ ကိုဗစ်လမ်းညွှန်ချက်အကာအရံတွေနဲ့ စားသောက်ဆိုင်တွေကို ဖွင့်လှစ်ရောင်းချနေမှု ရှိကြသလို တချို့ဆိုင်မှာတော့ ကိုဗစ်ကာကွယ်မှုမရှိဘဲ မှောင်ခို ဖွင့်လှစ်ရောင်းချနေတာတွေလည်း ရှိပါတယ်။

အခုလို စည်းကမ်းလိုက်နာမှုမရှိတဲ့ စားသောက်ဆိုင်တွေကိုတော့ ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ကိုဗစ်-၁၉ ဖြစ်ပွားမှုဟာ ဆက်တိုက်မြင့်တက်လာပြီး နိုဝင်ဘာလ (၈)ရက်နေ့အထိတော့ ပြည်နယ်အတွင်း ကူးစက်ခံရသူ (၁၆၀၀)ကျော် ရှိပြီး ဖြစ်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.