မော်လမြိုင် ၊ ဒီဇင်ဘာ (၈)
အိန္ဒိယနှင့် မြန်မာ့နယ်စပ်ရှိ လက်နက်ကိုင် သောင်းကျန်းသူများကို တရုတ်အစိုး ရမှ ထောက်ပံ့လျှက်ရှိပြီး မကြာသေးမီကာလများအတွင်းက ထိတွေ့တိုက်ခိုက်မှုများပိုမိုဖြစ်ပွားစေကာ အသက်အန္တရာယ်များကို ခြိမ်းခြောက်ခဲ့တဲ့ ဟိမဝန္တာတစ်လျှောက် နှစ်နိုင်ငံအကြား ထိတွေ့မှုအပြီးမှာ ယခုတစ်ဖန် နောက်ထပ် ပဋိပက္ခစစ်မျက်နှာပြင် တစ်ခုဖြစ်လာအောင် တရုတ်အစိုးရမှ ကူညီပေးနေတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုထား ပါတယ်။
ဤအခြေအနေများကို သိကျွမ်းနားလည်သူ အမည်မဖော်လိုသူ အိန္ဒိယအရာရှိများက “ဝ ပြည် သွေး စည်းညီညွတ်ရေးတပ်မတော် UWSA”နှင့် ယခုနှစ်များအတွင်း အကြမ်းဖက်အဖွဲ့ဟု ကြေငြာခြင်း ခံထားရတဲ့ “ရခိုင့်တပ်မတော် AA” တို့ဟာ လက်နက်ထောက်ပံ့မှုကို ရယူကာ ဘေဂျင်းအစိုးရ၏ ကိုယ်စား လှုပ်ရှားမှုများကို ဆောင်ရွက်နေတာဖြစ်ကြောင်းနှင့် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ လက်နက်ကိုင်အစုအဖွဲ့ များကို ခိုအောင်းစရာနေရာများ ပံ့ပိုးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် နာရန်ဒါရာ မိုဒီအစိုးရအနေဖြင့် အောက်တိုဘာလအလယ်လောက်မှာ တရုတ်နိုင်ငံတောင် ပိုင်းမြို့တော်တစ်ခုဖြစ်ပြီး လက်နက်အရင်းအမြစ်ဖြစ်တဲ့ ကူမင်းမြို့သို့ စစ်ရေးလေ့ကျင့်ရန် ရောက်ရှိခဲ့တဲ့ လက်နက်ကိုင်လှုပ်ရှားမှု၏ ခေါင်းဆောင်လေးဦးကို ရရှိရန် လိုလားလျှက်ရှိပြီး အလုံးစုံသော အိန္ဒိယနိုင်ငံဆိုင်ရာ လုံခြုံရေးအေဂျင်စီများသို့ သတိပေးညွှန်ကြား ထားပြီး ဖြစ်တယ်လို့ အဆိုပါ အရာရှိများမှ ပြောဆိုလိုက်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ထိစပ်ဧရိယာအတွင်း သီးခြားနယ်မြေအတွက် တိုက်ပွဲဝင်နေတဲ့ နာဂတိုင်းရင်းသား တော်လှန်ရေးအဖွဲ့ဝင် သုံးဦးတို့သည်လည်း အငြိမ်းစား တရုတ်စစ်ရေးအရာရှိများနှင့်သော်လည်း ကောင်း၊ အလယ်တန်းစား စစ်ရေးအရာရှိများနှင့်သော်လည်းကောင်း တရားဝင်မဟုတ်သော ဆက်သွယ် ပြောဆိုမှုရှိနေတယ်လို့ အဆိုပါအရာရှိများက ပြောဆိုထားပါတယ်။
မြန်မာနယ်စပ်တလျှောက်မှာ တိုးမြှင့်ဖြစ်ပွားနေသော လှုပ်ရှားမှုများနှင့် ပတ်သက်၍ နယူးဒေလီအစိုးရ အနေဖြင့် အထူးပူပင်လျှက်ရှိပြီး တချိန်တည်းမှာပင် ကီလိုမီတာ ၁၄,၀၀၀ ကျော်ရှည်လျားသော အိန္ဒိယ နယ်ခြားမျဥ်းတစ်လျှောက် အခြားသောထိစပ်ဧရိယာတွေဖြစ်တဲ့ ပါကင်စတန်နိုင်ငံနဲ့ တရုတ်နိုင်ငံ တို့နှင့် ထိစပ်သော နေရာတွေမှာလည်း စစ်ရေးတင်းမာမှုတွေမြင့်တက်လျှက်ရှိတယ်လို့လည်း ပြောဆို ထားပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့တွင် တပ်ဖွဲ့ဝင်တစ်ဦး ချောင်းမြောင်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ တပ်ဖွဲ့ဝင် ပေါင်း ၁၀၀၀ ခန့်ပါဝင်တဲ့ အိန္ဒိယတပ်ရင်းများကို မြန်မာ့နယ်စပ် သို့ ပြောင်းရွှေ့ထားခဲ့ ပြီးလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် လက်နက်ကိုင်တပ်ဖွဲ့ဝင် များကို ထောက်ပံ့ပမှုများပေးနေသည့် ကိစ္စရပ်နှင့်ပတ်သက်၍ ငြင်းချက်ထုတ်ထားပြီး အခြားသော နိုင်ငံများရဲ့အတွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုကြောင်းဟူ၍လည်း ပြောဆိုထား ပါတယ်။ “တရုတ်အစိုးရအနေဖြင့် လက်နက်တင်ပို့မှုအပေါ် အစဥ်အမြဲသတိထားပြီး တာဝန်ယူ/တာဝန်ခံ သည့် သဘောထားရှိပါတယ်။ ကျွန်ုပ်တို့အနေဖြင့် အချုပ်အခြာအာဏာပိုင်ဖြစ် သော အစိုးရများနှင့်သာ ပူးပေါင်းဆောင်ရွက်မှုအရ လက်နက်ကုန်သွယ်ကူးသန်းမှုပြုခြင်းဖြစ်ပြီး အချုပ် အခြာအာဏာပိုင် မဟုတ်သောသူများကို လက်နက်များရောင်းချခြင်းမပြုပါ” ဟု အိန္ဒိယအစိုးရမှ ပေးပို့သော မေးခွန်းများ အပေါ် ဝန်ကြီးဌာနရဲ့ ရေးသား ဖြေဆိုချက်ထဲမှာ ထည့်သွင်းပြောကြားထားပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အနေဖြင့်လည်း တရုတ်အစိုးရကိုယ်စား အိန္ဒိယ-မြန်မာနယ်စပ် တလျှောက်ရှိ လက်နက်ကိုင်အဖွဲ့များကိုလည်း မည်သည့်အထောက်အပံ့များကိုမှ ပေးအပ် ထားခြင်းမရှိဟု ငြင်းဆိုထားပါတယ်။
“မိမိတို့အဖွဲ့အနေဖြင့် အိန္ဒိယနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့်ပတ်သက်၍ ဆက်နွယ်မှုတစ်စုံတစ်ရာမရှိ ကြောင်း၊ အိန္ဒိယနိုင်ငံကို အန္တရာယ်ပြုမယ့် ကိစ္စမျိုးကိုလည်း လုပ်ဆောင်ခြင်းပြုမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်မပေးလိုဘူး” ဟူ၍ ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ညီရန် က ပြောကြားခဲ့ပြီး တရုတ်အစိုးရကိုယ်စား လှုပ်ရှားနေသည်ဟူသော စွပ်စွဲချက်က အခြေအမြစ်မရှိဘူးလို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
နယူးဒေလီအစိုးရမှ ဖမ်းဆီးထားတဲ့ အိန္ဒိယသောင်းကျန်းသူများရဲ့ ပြောကြားချက်အရ စစ်တွေဆိပ်ကမ်းမှ ကူမင်းမြို့သို့ ဆက်သွယ်တည်ဆောက်ထားတဲ့ တရုတ်အစိုးရရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးစင်္ကြံကို ကာကွယ်ရန်အလို့ငှာ တရုတ် ကိုယ်စား ရခိုင့်တပ်မတော် AA မှ ယင်းတို့အား လက်နက် ထောက်ပံ့ပေး လျှက်ရှိတယ် ပြောဆိုထားပါတယ်။
အောင်မျိုးမြတ်
REF – THESTRAITSTIMES