မော်လမြိုင် ၊ ဒီဇင်ဘာ (၇)

ကိုဗစ်-၁၉ကြောင့် မွန်ပြည်နယ်မှာ ဆန်စပါးထုတ်လုပ်မှု (၂၀)ရာခိုင်နှုန်းကျော် ထိခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် ဆန်စက်အသင်းများ ဥက္ကဌက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ စပါးဧက (၇)သိန်းကျော် စိုက်ပျိုးပြီး နှစ်စဉ်  စပါးတင်းပေါင်း (၄၃၀)ကျော်ကို ထုတ်လုပ်နေတာပါ။

ယခုနှစ်မှာတော့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် လုပ်သားရှားပါးမှု ပြဿနာတွေကို ရင်ဆိုင်နေရတဲ့အတွက် ဆန်စပါးထုတ်လုပ်မှုဟာ​ နှောင့်နှေးနေတာပါ။

ဒါ့အပြင် သယ်ယူပို့ဆောင်ရေးစရိတ်တွေက မြင့်မားလာတာကြောင့် လုပ်ငန်းရှင်တွေရဲ့ ရောင်းဝယ်ရေးမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ဆန်စက်ရဲ့ ထုတ်လုပ်မှုမှာ လုပ်သားရှားပါးမှုပေါ့၊ ကိုဗစ်နဲ့ဆိုတော့ စံနှုန်းနဲ့ သွားရတာလေ၊ အရင်ကာလလို လွတ်လွတ်လပ်လပ်ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်အောင် မလုပ်နိုင်ဘူးပေါ့၊ ကန့်သတ်ချက်တစ်ခုအတွင်းမှာ ပဲ ကျွန်တော်တို့လုပ်ရတယ်၊ အဲဒါအခက်အခဲတစ်ခု၊ အလုပ်သမားတွေကို အလှည့်ကျခေါ်ယူခိုင်းရတယ်၊ စုပြုံပြီး ခိုင်းလို့မရဘူး၊ အဲဒါကတစ်ချက်ပေါ့၊ ကုန်ထုတ်လုပ်မှု နှောင့်နှောင်းတာပေါ့၊ နောက်တစ်ချက်က သယ်ယူပို့ဆောင်တဲ့ စရိတ်တက်လာတယ်ပေါ့။ဒီနှစ်ဆို ဈေးကွက်က ခက်ခဲတော့ ကျွန်တော်တို့တွေ တော်တော်လေး ခက်ခဲတယ်၊ လုပ်ငန်းတွေကျတယ်၊ အကုန်လုံးပေါ့လေ၊ အသေးလဲ အသေးလျောက်အကြီးလဲ အကြီးလျောက် ဘယ်လုပ်ငန်းဖြစ်ဖြစ် ၂၀ ရာခိုင်နှုန်းလောက်တော့ ထိခိုက်သွားမယ်”လို့ မွန်ပြည်နယ် ဆန်စက်အသင်းများ ဥက္ကဌ ဦးခိုင်ဦးက ပြောပါတယ်။

အခုလို အခြေအနေတွေကြောင့် ကိုဗစ်ကာလအလွန်မှာ လယ်ယာကဏ္ဍပြန်လည်ဖွံ့ဖြိုးလာဖို့အတွက် အစိုးရဆီက ချေးငွေတွေနဲ့ နည်းပညာတွေကို လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။

ဒါ့အပြင် အရည်အသွေးပြည့်မီတဲ့ မျိုးစပါးတွေနဲ့ ဓာတ်မြေဩဇာတွေကို လယ်သမားတွေ လက်လှမ်းမီအောင် ထောက်ပံ့ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်ကထွက်တဲ့ ဆန်စပါးတွေကိုတော့ မွန် ၊ ကရင် ၊ တနင်္သာရီဒေသအပြင် ရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းကနေတစ်ဆင့် တရုတ်ကို တင်ပို့နေတာ ဖြစ်ပါတယ်။

သတင်းနှင့်ဓါတ်ပုံ – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.