ရေး ၊ ဩဂုတ် (၁၉)

နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ ရေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ကိုဗစ်ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်တွေနဲ့အညီ ဖွင့်လှစ်နေပါတယ်။

အဲဒီကျောင်းမှာ အခြေခံပညာအထက်တန်းအဆင့်‌ ကျောင်းသားကျောင်းသူ ၅၂ ဦး ပညာသင်ကြားနေကြပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်းချက်အတိုင်း လိုက်နာနေတယ်လို့ သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသက်သက်ခိုင်က ပြောပါတယ်။

” ကျောင်းအတွင်းအပြင်သွားလာနေထိုင်စားသောက်တာကအစ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနညွှန်ကြားချက်တွေအတိုင်း အလေးအနက်ထား တိတိကျကျနေထိုင်နေပါတယ်၊ ဦးစီးဌာနအနေနဲ့လည်း လိုအပ်တဲ့ကျန်းမာရေး အထောက်အကူပစ္စည်းတွေအားလုံး ပံ့ပိုးထားပေးပါတယ် ” လို့ ဆိုပါတယ်။

အဲဒီကျောင်းကိုတက်ရောက်ဖို့ နယ်စပ်ဒေသက တိုင်းရင်းသားလူမျိုးဖြစ်ရမှာဖြစ်ပြီး တိုင်းရင်းသားဘာသာစကားကိုတတ်ကျွမ်းသူ ဖြစ်ရပါမယ်။

 ဦးစားပေးအနေနဲ့ မိဘမဲ့ဖြစ်နေတဲ့ ဆင်းရဲနွမ်းပါးသူတွေ၊ ဉာဏ်ရည်မြင့်မားပြီးတော့ ပညာရေးအခြေခံကောင်းသူ၊ ကျန်းမာရေးကောင်းမွန်ပြီးတော့ ကိုယ်ခန္ဓာကြံ့ခိုင်သူစတဲ့ သတ်မှတ်ချက်တွေနဲ့ ရွေးချယ်တယ်လို့ ဆိုပါတယ်။

နေထိုင်စားသောက်မှုအပါအဝင် ပညာရေးနဲ့ ကျန်းမာရေးအားလုံးကတော့ နိုင်ငံတော်စရိတ်အခမဲ့ဖြစ်ပါတယ်။

” လက်ရှိကိုဗစ်ကာလ ပြင်ပဘော်ဒါတွေမှာမနေရတဲ့အချိန်မှာ ကလေးတွေအတွက် ခုလိုဆောင်ရွက်ပေးနေတာကတော့ တက်ရောက်ခွင့်ရတဲ့ကလေးတွေအတွက် ကံကောင်းပါတယ်၊ ပညာကိုလိုလားပေမယ့် ငွေကြေးမတတ်နိုင်ကြတဲ့ တိုင်းရင်းသားကလေးတွေအတွက် ခုလို ရေးမှာဒီလိုကျောင်းတစ်ခုရှိနေတာ၊ ကျောင်းပြီးလို့ အလုပ်ပါတစ်ခါထဲတန်းရတာလေ ” လို့ ကျောင်းရွာကျေးရွာနေ ဦးစောကျော်က ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်း ၄၅ ကျောင်းရှိပြီး မွန်ပြည်နယ်မှာတော့  သထုံနဲ့ ရေးမြို့နယ်တို့မှာ ဖွင့်လှစ်ထားပါတယ်။

ပြီးခဲ့တဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့တဲ့ လူငယ်သင်တန်းကျောင်း ၄၀ အနက် ရေးမြို့နယ်မှာဖွင့်လှစ်ထားတဲ့ကျောင်းကတော့ အောင်ချက် (၆၈.၁၈)ရာခိုင်နှုန်းနှင့် ဒုတိယနေရာ ရရှိခဲ့ပါတယ်။

အဲဒီကျောင်းက တက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေကိုတော့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးမှု ဒီဂရီကောလိပ် (ရန်ကုန်)နဲ့ စစ်ကိုင်းတွေမှာ အဆင့်မြင့်ပညာတွေကို ဆက်လက်တက်ရောက် သင်ကြားခွင့်ရမှာဖြစ်ပြီး ဘွဲ့ရရှိပါက ဌာနဆိုင်ရာအသီးသီးမှာ ဝန်ထမ်းအဖြစ်နဲ့ မိမိဒေသဖွံ့ဖြိုးရေးတွေမှာ လုပ်ဆောင်နိုင်တဲ့အခွင့်အလမ်းတွေရရှိနေတာပါ။

သတင်းနှင့်ဓါတ်ပုံ – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.