မော်လမြိုင် ၊ ဩဂုတ် ၁၈

၂၀၂၀-၂၀၂၁ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်းက ငါးဖမ်းပိုက်ချက်တွေကို တင်ဒါရောင်းချခဲ့ရာမှာတော့ ကိုဗစ်-၁၉ ရဲ့ စီးပွားရေးရိုက်ခတ်မှုတွေကြောင့် ဝယ်ယူသူ အလွန် နည်းပါးခဲ့ပါတယ်။

မွန်ပြည်နယ်က စျေးကောင်းရတဲ့ ငါး (၈၀) ရာခိုင်နှုန်းဟာ တရုတ်စျေးကွက်ကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကစပြီး မွန်ပြည်နယ်ထွက်ငါးတွေ ပြည်ပတင်ပို့မှု ရာနှုန်းပြည့် ရပ်နားခဲ့ရတာကြောင့် တန်ချိန်ရာနဲ့ချီတဲ့ ငါးတွေကို အအေးခန်းတွေမှာ သိုလှောင်ထားရပါတယ်။

မွန်ပြည်နယ်ထွက် ငါးတွေဟာ ပြည်ပကို မတင်ပို့နိုင်တော့တဲ့အတွက် လုပ်ငန်းရှင်တွေက အရင်နှစ်တွေလို ငါးဖမ်းပိုက်ချက်တွေ ထပ်မံ မဝယ်ယူတော့တာလို့ ဆိုပါတယ်။

 “အရင်နှစ်တွေဆိုရင် ပထမအကြိမ် (တင်ဒါ) ပစ်လိုက်ပြီးဆို လူရာနဲ့ချီလာပြီးတော့ တစ်ချက်မှာ လူ ၈ ယောက် ၉ ယောက် ပြိုင်ကြတာ အခုကကျတော့ covid-19 ကဖြစ်တော့ စီးပွားရေးက ရိုက်ခတ်လာတယ် အဲတော့ မနှစ်ကဝယ်ထားတဲ့တန်ဖိုးတောင်မှ မပေးနိုင်လောက်အောင် အနေအထားတွေဖြစ်လာတယ်” ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်တိုးက ပြောပါတယ်။

ငါးဖမ်းပိုက်ကွက်တင်ဒါတွေကို ဩဂုတ်လ (၁၈)ရက်နေ့အထိ သုံးကြိမ် ရောင်းချရာမှာတော့ ပိုက်ကွက် (၄၀) ကျော်သာရောင်းချရပြီး ငွေကျပ်သိန်း(၂)ထောင်ကျော်ပဲ ရရှိသေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ပထမအကြိမ်မှာပဲ ငါဖမ်းပိုက်ကွက် (၈၈) ခု ရောင်းချခဲ့ရပြီး ငွေကျပ်သိန်းပေါင်း (၈၂၀၀) ကျော်ရရှိခဲ့တယ်လို့ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ကိုဗစ်-၁၉ကြောင့် ငါးစျေးကွက်ဟာ ပြည်ပကို မတင်ပို့နိုင်ပဲ ပြည်တွင်းစျေးကွက်နဲ့ ငါးခြောက်စျေးကွက်မှာသာ အရောင်းအဝယ်ဖြစ်နေတာကြောင့် ငါးဖမ်းပိုက်ကွက်တွေ ဝယ်ယူဖို့ အင်မတန် စဉ်းစားနေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

“အခုငါးတွေက ပြည်တွင်း စားသုံးမှုနဲ့ ငါးခြောက်လုပ်ဖို့အတွက်ပဲ ဖြစ်တော့ ကျွန်တော်တို့ လေလံစွဲဖို့အတွက်ကို တော်တော်လေး စဉ်းစားနေရတယ်” လို့ ငါးလုပ်ငန်းရှင် ကိုတင်ဆွေက ပြောပါတယ်။

ဒါကြောင့် ဒီနှစ် ငါးဖမ်းပိုက်ချက်တင်ဒါ ရောင်းတဲ့ ကြမ်းခင်းစျေးကို လျှော့ရောင်းချပေးဖို့ လုပ်ငန်းရှင်တွေက လိုလားနေကြပါတယ်။

လက်ရှိမှာတော့ ဒုတိယအကြိမ် ရောင်းချပြီးတဲ့အထိ တန်ဖိုးနည်း ပိုက်ချက်တွေကိုသာ ရောင်းချထားရပြီး တန်ဖိုးကြီး ပိုက်ချက် တော်တော်များများကျန်နေသေးတယ်လို့ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနက ဆိုပါတယ်။

ကျန်နေတဲ့ငါးဖမ်းပိုက်ကွက်တွေကိုတော့ စတုတ္ထအကြိမ်နဲ့ပဉ္စမအကြိမ်ထိ ဆက်လက်ရောင်းချသွားမယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.