ရေး၊ ဩဂုတ် (၁၈)

ကိုဗစ်-၁၉ ကြောင့် ရေးမြို့နယ်ဟာ မဟာဓာတ်အားလိုင်းရရှိဖို့ ၃ နှစ်ခန့် စောင့်ဆိုင်းရဦးမယ်လို့ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။

ရေးမြို့နယ်ဟာ မွန်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမရသေးတဲ့ တစ်ခုတည်းသော မြို့နယ်ဖြစ်ပါတယ်။

မဟာဓာတ်အားလိုင်းကနေ ရေးမြို့နယ်ကို ၂၃၀ကေဗီ ဓာတ်အားလိုင်း သွယ်တန်းတာကို၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးသတ်ဆောင်ရွက်ဖို့ လျာထားခဲ့ပေမယ့် ကိုဗစ်အခြေအနေကြောင့် ယခုနှစ် အောက်တိုဘာ ပွင့်လင်းရာသီရောက်မှသာ လိုင်းဆွဲတာနဲ့ ခွဲရုံဆောက်မယ့်လုပ်ငန်းတွေ စတင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

” ၆၆-ကေဗွီ သံဖြူဇရပ်-ရေး လိုင်းကိုလည်း တပြိုင်တည်း လုပ်ဆောင်သွားမှာပါ၊ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှာ ကျပ် (၁.၁၃၁) ဘီလီယံ စတင်ရရှိထားပြီးပါပြီ၊ ကိုဗစ်ကြောင့် အစီအစဉ် နည်းနည်းနောက်ကျသွားလို့ ၂၀၂၂-၂၃ လောက်ကျမှသာ မဟာဓါတ်အားလိုင်း ရောက်ရှိနိုင်မယ်ဆိုတဲ့ နောက်ဆုံးခန့်မှန်းအခြေအနေကိုလည်း တင်ပြ အသိပေးလိုပါတယ်၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး ညွှန်ချုပ်နဲ့ တွေ့ဆုံဆွေးနွေးပြီး မေးခွန်းကို လွှတ်တော်ကတိကဝတ်အဖြစ် ဆက်လက်ထားရှိမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်”လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံက အမေရိကန်ဒေါ်လာ ၂၉၈.၉ သန်းကို ချေးယူပြီး ရေးမြို့မဟာဓာတ်အားလိုင်းရအောင် ဆောင်ရွက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၅၀၁ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေမဲ ၂ မဲ ရှိနဲ့ ချေးငွေရယူဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

” ရေးမြို့က နိုင်ငံတော်အတွက် နိုင်ငံတော်ကို ဒေသထွက်ကုန်တွေနဲ့ပတ်သက်လို့ အခွန်တွေပေးသွင်းနေရတာ အတော်များပါတယ်၊ အကျိုးခံစားမှုက လျှပ်စစ်နဲ့ပတ်သက်လို့ ဘာမှမရခဲ့ဘူး၊ ခုလည်း ကိုဗစ်ကြောင့် နောက်ဆုတ်ရပြန်ပြီ၊ သူများတွေ လျှပ်စစ်အလကားရနေချိန်မှလည်း ခံစားခွင့်မရှိခဲ့တဲ့မြို့နယ်ပါ၊ ဒီလိုမရတဲ့အတွက် ကုမ္ပဏီတွေက လျှပ်စစ်ဝန်ဆောင်မှုပေးနေတဲ့ မြို့ပေါ် လက်ရှိ တစ်ယူနစ် ၃၅၀၊ နယ်တွေရွာတွေဆို တစ်ယူနစ် ၅၀၀ ကျော်လောက်ပေးပြီး အားထားနေရတယ် ” လို့ အဘော်ကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးငြိမ်းက ပြောပါတယ်။

မွန်ပြည်နယ်အပါအဝင် ပဲခူး၊ ဧရာဝတီ၊ ကရင်နဲ့ ရခိုင်တို့မှာ လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာမှာ အလုံ-သီတာ ၂၃ဝ ကေဗွီဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံစီမံကိန်း၊ မော်လမြိုင်-ရေး-ထားဝယ် ၂၃ဝ ကေဗွီဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံစီမံကိန်းတို့ ပါဝင်မယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

သတင်းနှင့်ဓါတ်ပုံ – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.