မော်လမြိုင် ၊ ဩဂုတ် (၉)
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မွန်ပြည်နယ်က အောင်ချက်ရာခိုင်နှုန်း(၃၄.၇၁) ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံရဲ့ တတိယနေရာကို ရရှိခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်ပြည်နယ်မှ ကျောင်းသူကျောင်းသား သုံးသောင်းကျော်က ဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပြီး အောင်မြင်သူ တစ်သောင်းကျော် ရှိခဲ့ပါတယ်။
အောင်မြင်သူတွေထဲမှာ ၆ ဘာသာ ဂုဏ်ထူးရှင် (၂၄) ဦး ၊ ၅ ဘာသာ ဂုဏ်ထူးရှင်(၄၄)ဦး ၊ ၄ ဘာသာဂုဏ်ထူးရှင်(၉၉)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်(၂၁၁) ဦး ၊ ၂ ဘာသာဂုဏ်ထူးရှင်(၃၉၉) ဦး နဲ့ ၁ ဘာသာဂုဏ်ထူးရှင်(၁၂၀၆) ဦး ပါဝင်တယ်လို့ သိရပါတယ်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယခင်နှစ်တွေထက် ဖြေဆိုသူဦးရေများပြားခဲ့ပြီး ကျောင်းသူကျောင်းသားတွေမှာ သဘာဝဘေးဒဏ် ခံစားခဲ့ရတဲ့အပြင် သင်ကြားနည်းအရ မေးခွန်းပုံစံ အပြောင်းအလဲ ရှိခဲ့တာကြောင့် ယခုနှစ်ထက် အောင်ချက်ရာခိုင်နှုန်း အနည်းငယ်လျော့နည်း ခဲ့တယ်လို့ မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က သုံးသပ်ပြောဆိုပါတယ်။
“မနှစ်ကအောင်ချက်ထက် ရာခိုင်နှုန်းနည်းတယ် ဒါပေမယ့် ရာခိုင်နှုန်းတွက်တဲ့အခါမှာ ဖြေဆိုသူဦးရေကိုလည်း ပြန်ကြည့်ရတယ် ပြန်ကြည့်တဲ့အခါမှာ စာမေးပွဲဖြေဆိုသူဦးရေက ခါတိုင်းနှစ်ထက် ပိုများတယ် အပြင်ဖြေ ကလေးတွေလည်း ကြိုးစားပြီး ဖြေဆိုကြတာ တွေ့ရတယ် စနစ်သစ်ရဲ့ ပုံစံပြောင်းလဲအခြေအနေမှာ မေးခွန်းပုံစံပြောင်းတာတွေလည်း အနည်းငယ်ရှိတယ် ဒီအခြေအနေတွေနဲ့ ဖြေဆိုတဲ့နေရာမှာ လိုအပ်ချက်လေးတွေ ရှိခဲ့တာ ဖြစ်နိုင်တယ်”လို့ ဆိုပါတယ်။
ကျောင်းတွေကနေ ဖြေဆိုသူ (၂၂၀၀၀) ကျော် ရှိခဲ့ပြီး အောင်မြင်သူ (၇၂၀၀) ကျော်ရှိတာကြောင့် ကျောင်းဖြေအောင်ချက် (၃၂.၀၇) ရာခိုင်နှုန်းနဲ့ ပြင်ပဖြေဆိုသူ (၇၉၀၀) ကျော် ရှိခဲ့ပြီး အောင်မြင်သူ (၃၃၀၀) ကျော် ရှိခဲ့တာကြောင့် ပြင်ပဖြေအောင်ချက် (၄၂.၂၇) ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ကျောင်းဖြေနဲ့ပြင်ပဖြေ စုစုပေါင်း အောင်ချက်ရာခိုင်နှုန်းကတော့ (၃၄.၇၁) ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ်မှာတော့ မွန်ပြည်နယ်က အောင်ချက် (၃၇.၅၄) ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အောင်ချက် (၃၂.၀၆) ရာခိုင်နှုန်း ရှိခဲ့ပြီး ယခင်နှစ်ထက် အောင်မြင်သူ (၁) ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်