မော်လမြိုင် ၊ ဇူလိုင် ၂၆

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမယ်လို့ မွန်ပြည်နယ် USDP ပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောပါတယ်။

ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို လွန်ခဲ့တဲ့ (၄)လ ကတည်းက ရွေးချယ်ထားပြီး ဖြစ်ပေမယ့် ပါတီဗဟိုရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် လူထုကို အသိမပေးသေးတာလို့ ဆိုပါတယ်။

“ညွှန်ကြားချက်မရောက်သေးတဲ့အတွက် တစ်မြို့နယ်ချင်း လွှတ်တော်တစ်ရပ်ချင်းအတွက် ဘယ်ပုဂ္ဂိုလ်တွေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာ ပြောလို့မရသေးဘူး။ဒါကလည်း ရက်ပိုင်းအတွင်း ထွက်လာတော့မှာပါ”လို့ ဦးဝင်းမော်ဦးက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာတော့ ရွေးချယ်ခံ ပုဂ္ဂိုလ်ဟာ ပါတီအောင်နိုင်ရေးအတွက် အများဆုံး စွမ်းဆောင်နိုင်သူနဲ့ လူထုကို ချပြရင် လက်ခံနိုင်တဲ့သူတွေကိုသာ ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ USDP ပါတီဟာ တိုင်းရင်းသား လူမျိုးကိုယ်စားလှယ် (၃)နေရာအပါအဝင် အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တို့က ကိုယ်စားလှယ် (၄၅) နေရာလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ USDP ပါတီဟာ လွှတ်တော်ကိုယ်စားလှယ် (၄၅) နေရာလုံး ဝင်ပြိုင်ခဲ့ပေမယ့် ပြည်နယ်လွှတ်တော် (၁)နေရာသာ အနိုင်ရရှိခဲ့ပါတယ်။

လက်ရှိအချိန်ထိ မွန်ပြည်နယ်အတွင်းမှာတော့ USDP ပါတီဝင် အင်းအား တစ်သိန်းရှစ်သောင်းနဲ့ နှစ်သိန်းအကြားမှာ ရှိတယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.