မော်လမြိုင် ၊ ဇူလိုင် ၂၅

ကိုဗစ်-၁၉ အကြပ်အတည်းကာလ ရက်ကြာလာနဲ့အမျှ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ အစွန်းအဖျားတွေမှာ စားသောက်ကုန်ပြတ်လပ်တဲ့ ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဆက်ဆံရေး တာဝန်ခံက ပြောပါတယ်။

ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာ ကန့်သတ်ထားတာကြောင့် ဒေသခံတွေမှာ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေပြီး အခြေခံစားသောက်ကုန်တွေလည်း ပြတ်လပ်လုနီးပါး ဖြစ်နေတယ်လို့ ဆိုပါတယ်။

“အဓိက ဝေးလံခေါင်ဖျားတဲ့ဒေသတွေ အများအားဖြင့် နယ်စပ်မှာရှိတဲ့ ပြည်သူလူထုတွေ အများကြီး အခက်အခဲ ဖြစ်နေတယ်”လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဆက်ဆံရေး တာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါအပြင် မိုးရာသီကာလအတွင်း ထိန်းချုပ်ဒေသမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဌက်ဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ပွားမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ထိန်းချုပ်ဒေသအတွင်းက ပြည်သူတွေကို အစိုးရအပြင် အခြားသော အလှူရှင်တွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတွေ လာရောက် လှူဒါန်းပေးကြဖို့အတွက်လည်း မေတ္တာရပ်ခံထားပါတယ်။

နိုင်ငံတော်ရဲ့ ဒုတိယအကြိမ်ငွေကြေးထောက်ပံ့မှု အစီအစဉ်မှာ ထိန်းချုပ်နယ်မြေထဲက အိမ်ထောင်စု (၁၄၀၀၀) ကျော်ကို ထောက်ပံ့ပေးဖို့ စာရင်းတင်ပြခဲ့ပေမယ့် အိမ်ထောင်စု (၄၀၀၀) ကျော်သာ တစ်အိမ်ထောင် ကျပ်တစ်သောင်းခွဲနှုန်းနဲ့ ထောက်ပံ့မှု ရရှိခဲ့ကြပါတယ်။

ရေးချောင်းဖျား ဒေသက အိမ်ထောင်စု (၃၅၀၀) ကျော်ကို မွန်ပြည်နယ်အစိုးရက ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ထားဝယ်ခရိုင်က အိမ်ထောင်စု (၄၀၀) ကျော်ကိုတော့ တနင်္သာရီတိုင်း အစိုးရက ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.