Dawei Watch ထားဝယ်၊ နိုဝင်ဘာ ၁၄

၃ လအတွင်း ဌာနမီတာ တပ်ဆင်ပါမည်ဟူသည့် ဝန်ခံကတိချက်ပြုဖြင့် ထာဝယ်ခရိုင်အတွင်း ကျေးရွာအချို့ သဘာဝဓာတ်ငွေ့ လျှပ်စစ်မီး ရရှိနေပြီဖြစ်ကြောင်း ကျေးရွာများနှင့် တိုင်းလျှပ်စစ်ရုံးထံမှ သိရသည်။

ကျေးရွာမီလင်းရေး ကော်မတီများက ရွာသူရွာသားများ ငွေကြေးအကုန်အကျ သက်သာစေရန် ကျပ် ၁ သောင်းဝန်းကျင် တန်ကျေးရှိ ပြင်ပမီတာများ စိစစ်လက်ခံထားခဲ့သည်။

လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပေးသည့် မီတာများ တပ်ဆင်ထားမှသာ ဓာတ်အား ဖြန့်ဝေပေးမည့် မူကြောင့် ကျေးရွာတချို့ မီးလင်းရေး အခက်တွေ့နေရာမှ ယခုကဲ့သို့ ဝန်ခံကတိပြုချက်ဖြင့် လျှပ်စစ်မီး ရရှိလာခြင်း ဖြစ်သည်။

လျှပ်စစ်ဥပဒေအတိုင်း လုပ်ဆောင်ရန် ပြန်လည်ညွှန်ကြားပြီး ဖြစ်သော်လည်း ပြည်သူများ၏ အသံကို နားထောင်းပြီး အစိုးရနှင့် ဌာနတို့မှ ဖြေလျှော့ပေးခြင်းဖြစ်သည်ဟု ဒု တိုင်းလျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏက ပြောသည်။

“ပြည်သူလိုချင်တာ လိုက်လျောပေးတာပါ၊ အပြန်အလှန် တာဝန်ခံမှုတွေနဲ့ လုပ်ကြတာပါ”ဟု ဦးထွန်းဝဏ္ဏက ပြောသည်။

ခံဝန်ကတိ လက်မှတ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများက စုဆောင်းကောက်ခံပေးပြီး မီးလွှတ်သည့်နေ့မှစ ၃ လအတွင်း ဌာနမီတာ မတတ်ဆင်ပါက ဓာတ်အားဖြတ်တောက်မည်ဟု သိရသည်။
“၃ လ အစား ၅ လ လောက် တိုးပေးစေချင်တယ်၊ တချို့က မပြေလည်ကြတော့ စုဆောင်းချိန် ပိုရအောင်ပါ” ဟု မင်းရပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းတင့်(ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ)က ဖွင့်ဟသည်။

ပြင်ပမှ ဝယ်ယူတတ်ဆင်သည့် မီတာများမှာ လည်ပတ်နှုန်း မသေချာသည့်အပြင် အခြားအာမခံချက်များ မရှိသဖြင့် အာမခံ ချက်မှုရှိသော ဌာနမီတာများသာ သုံးစွဲသင့်သည်ဟု အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏက ပြောသည်။

ဌာနမီတာမှာ လည်ပတ်နှုန်းအာမခံချက်နှင့် လျှပ်စစ်ကြောင့်ဖြစ်စေ၊ သဘာဝဘေးကြောင့်ဖြစ်စေ ပျက်စီးပါက အသစ်တစ်လုံး အခမဲ့အစားထိုးပေးမည်ဖြစ်ပြီး အစားထိုး တပ်ဆင်ခ ၂ ထောင်ကျပ်သာ ပေးသွင်းရမည်ဟု သိရသည်။

ကျပ် ၉ သောင်း ကျသင့်သည့် ဌာနမီတာတွင် ကျပ် ၆ သောင်းခွဲတန် ဒစ်ဂျင်တယ်မီတာ၊ ၁ သောင်းခွဲတန် မီတာပုံးခွန်၊ မီးဖြတ် ခလုတ်တို့ ပါဝင်ပြီး မှတ်ပုံတင်ကြေး၊ အာမခံစပေါ်ကြေး၊ တတ်ဆင်ခတို့ အပြီးအစီး ပါဝင်သည်ဟု သိရသည်။

မီးလင်းရေးကော်မတီများ၏အစီအစဉ်ဖြင့် ပြင်ပမီတာတပ်ဆင်ထားပြီး ဓာတ်အားပေးဝေနေသော အချို့ကျေးရွာများတွင်လည်း တစ်ဖြေးဖြေး စည်းရုံးကာ ဌာနမီတာများ ပြောင်းလဲ တပ်ဆင်ပေးသွားမည်ဟု သိရသည်။
6-photo-by-aung-thu-3
ဌာနမှ လျှပ်စစ်ဓာတ်အားများ ကျေးရွာများသို့ ဖြန့်ဖြူးရာတွင် ကျေးရွာဓာတ်အားခွဲစက်ရုံသို့သာ ဓာတ်အားရောက်ရှိသဖြင့် ရွာတွင်းပတ်ဓာတ်လိုင်းများ ကိုယ်ထူကိုယ်ထ တပ်ဆင်ကြရခြင်း၊ ဗို့အားပြည့် ၂၄ နာရီဓါတ်အားလိုင်းနှင့် ကိုက်ညီရန် ဓာတ်တိုင်မှ အိမ်သို့ သွယ်တန်းသည့်ကြိုးအသစ်လဲခြင်း၊ အိမ်ထဲတွင် မီးလိုင်းအသစ် တပ်ဆင်ကြရခြင်းကြောင့် ငွေအလုံးအရင်းအလိုက် ကုန်ကျကြရသည်ဟု မီးသုံးစွဲသူ ရွာသားများက ပြောကြသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.